နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါ၀င်ကြောင်း FDA အတည်ပြုပြီ

နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါ၀င်ကြောင်း FDA အတည်ပြုပြီ
by -
မဇ္စျိမ

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ပေးပို့ထားသော ရေကျိုငါးပိများအား ဓာတ်ခွဲစစ်ဆေးရာ ယူရီးယား (Urea) ဓာတ် ပါ၀င်မှုကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က မဇ္ဈိမသို့ စက်တင်ဘာ ၂၄ရက်က ဖြေကြားသည်။

သို့သော် ထိုသို့ ယူရီးယားပါ၀င်ခြင်းမှာ ဓာတ်မြေသြဇာ ရောနှောခြင်းကြောင့် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပါကြောင်းလည်း ဖြေကြားသည်။

ယင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး မည်သို့ဆက်လက် ဆောင်ရွက်ရန်ရှိသည်ဆိုသည့်အချက်ကိုမူ ဆက်လက် ဖြေကြား ပေးခြင်း မရှိခဲ့ပေ။

နမူနာ အမှတ်(၂)

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါ၀င်မှု ရှိ၊ မရှိ စစ်ဆေးရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ရန်ကုန် FDA နမူနာသုံးခုကို ပေးပို့လာခဲ့ပြီး ရန်ကုန် FDA က နေပြည်တော်သို့ ဆက်လက်ပေးပို့စစ်ဆေး ပေးခြင်း ဖြစ်သည်။ ယင်းနမူနာ သုံးခုအနက် နမူနာ အမှတ်(၂)တွင် ယူရီးယားပါ၀င်မှုကို တွေ့ရှိရကြောင်း ပြောသည်။

ငါးပိတွင် ဓာတ်မြေသြဇာ ပါ၀င်ခြင်း ရှိ၊ မရှိကို အစားအသောက်နည်းပညာရပ်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီမှ ပညာရှင်များသို့ ဓာတ်ခွဲစစ်ဆေးသည့်နည်းလမ်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း FDA ၏ ဖြေကြားချက်တွင် ပါ၀င်သည်။

တွေ့ မှာပဲ

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က “စစ်ရင်တော့ ယူရီးယားကို တွေ့မှာပဲလို့ ဝေဖန်နေ ကြတာရှိတယ်။ ရေကျိုငါးပိထဲမှာ အလိုလို ယူရီးယားကဖြစ်တာပဲဆိုပြီး ပြောနေတာရှိတယ်” ဟု ပြောသည်။

သို့သော် ရေကျိုငါးပိတွင် တွေ့နိုင်သည်က သဘာဝ အလျောက်ဖြစ်သော အောဂဲနစ်ဖြစ်ကြောင်း၊ ငါးပိထဲမှာ ယူရီးယား မပါဘူး မပြောဘူး၊ သို့သော် မည်သည့် ရာခိုင်နှုန်းအထက်ပါလျှင်ထပ်ထည့်ထား၊ မထားကို သိနိုင်ကြောင်း၊ ထပ်တည့်သော ဓာတ်မြေသြဇာက အောဂဲနစ်မဟုတ်ကြောင်း ဆက်ပြောသည်။

ဦးဘအုပ်ခိုင်က “ငါးပိထဲမှာ နိုက်ထရိုဂျင် ဘယ်လောက်များများပါနေတယ်ဆိုတာ တိုင်းလို့ရရင် အဖြေထွက်တာ ပါပဲ။ နိုက်ထရိုဂျင်၊ ဖော့စထရပ်၊ ပိုတက်ဆီယမ်တို့ကို တိုင်းရင် အဖြေထွက်တာပဲ”ဟု ပြောသည်။

ဘယ်ကမှန်းမသိ

ရေကျိုငါးပိများကို စစ်ဆေးရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ပေးပို့ခြင်းဖြစ်ပြီးမည်သည့် နေရာမှ ယူလာသည်ဟု ပြောဆိုခြင်းမရှိ၍ မည်သည့်နေရာမှ ရေကျိုငါးပိက ယူရီးယားပါ၀င်သည် ဟု ပြော၍မရကြောင်း ရန်ကုန် FDA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖျာပုံ၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်ချောင်း၊ ဘော်လယ်၊ မော်လမြိုင်ကျွန်းဒေသများရှိ ငါးပိတွင် ဓာတ်မြေသြဇာ ပါ၀င်ခြင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပြီး တစ်နှစ်ဝန်းကျင်ခန့် အချိန်ယူစစ်ဆေးခဲ့ ကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းက ဆိုသည်။

ရန်ကုန်ငါးပိဒိုင်များသို့ အဓိကထားတင်ပို့သည့် ဧရာဝတီတိုင်းရှိ ဒေသအချို့မှ ဒေသခံများက ငါးပိတွင် ဓာတ်မြေသြဇာရောခြင်းကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် FDA သို့ စစ်ဆေးနိုင်ရန် သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးအသင်းမှ သိရသည်။

ရောင်းအား

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါ၀င်သောသတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ငါးပိရောင်းအားများ ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း ငါးပိကုန်သည်များက ဆိုထားသည်။

ယခင်က ငါးပိ ငါးပိဿာရောင်းရချိန်တွင် သတင်းများပေါ်ထွက်ပြီးနောက် တစ်ပိဿာခန့်သာ ရောင်းရ တော့ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက ဆိုသည်။
 
အချိန်ယူ

ရေကျိုငါးပိပြုလုပ်ရာတွင် အချိန်တစ်နှစ်ကျော် နှစ်နှစ်ခန့်ယူရမည့်အစား ခုနစ်ရက်မှ ၁၀ ရက်ခန့်သာ ထားပြီး စျေးကွက် အတွင်း ဖြန့်ချိရောင်းချနိုင်စေရန်အတွက် ငါးအရိုးများကို နူးလွယ်စေရန် ယူရီးယားမြေသြဇာ များကို ရေချိုငါးပိ ပြုလုပ်ရာတွင် ပြုလုပ်သူများက ထည့်နေခြင်း ဖြစ်သည်ဟု သိရသည်။

စီးပွားရေးကျင့်ဝတ်

အမှန်တကယ်ဆောင်ရွက်ပါက စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်ခြင်းဖြစ်နိုင်ရာ စီးပွားရေးကျင့်ဝတ်ကို လိုက်နာရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။ မိမိအမြတ်ရရှိရေးတစ်ခုတည်းအတွက် တစ်နိုင်ငံလုံးရှိ စားသုံးသူများ ဒုက္ခရောက်အောင် မလုပ်သင့်ကြောင်း ပြောသည်။

ပြစ်ဒဏ်

အမျိုးသား အစားအသောက် အက်ဥပဒေအရ ပြည်သူလူထုစားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ် စေခြင်း၊ ဘေးဥပါဒ်ဖြစ်စေခြင်းများ ဖြစ်ပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀,၀၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်။

ကျန်းမာရေး

ယူရီးယားပါ၀င်သော အစားအသောက်ကို အချိန်ကြာရှည်စားသုံးမိပါက ဦးနှောက်ပိုင်းဆိုင်ရာရောဂါများနှင့် ကျောက်ကပ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် သွေးထဲတွင် ယူရီးယားပါ၀င်မှု မြင့်မားလာပါက ချက်ချင်း သတိမေ့သွားသည်အထိ ဖြစ်နိုင်သည်။

တောင်ဒဂုံမြို့နယ်ရှိ ကျပန်းအလုပ်လုပ်သူ ကလေး လေးယောက်မိခင် ဒေါ်ချိုချိုက “လူတွေကလည်း လုပ်ရက် လိုက်ကြတာ။ ဆင်းရဲသားတွေက ဒါလေးပဲစားရတာ” ဟု မှတ်ချက်ပြုလိုက်သည်။

စားသောက်ကုန်များနှင့်ပတ်သက်၍ အန်္တရာယ်ရှိသော ဆိုးဆေးများ ပါ၀င်သဖြင့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ကြေညာချက်ထုတ်ပြန်ထားမှုများ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့ရသည်။

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ်တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့်များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်းများကိုလည်း တွေ့ရှိ ထားခဲ့သည်။

ထို့အပြင် နို့မှုန့်များတွင် မယ်လမင်းဓာတ်များပါ၀င်ကြောင်း တွေ့ရ၍ တရုတ်နိုင်ငံတွင် ပြန်လည်သိမ်းဆည်း ခြင်းက လည်း စားသုံးသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဘေးကင်းလုံခြံုစိတ်ချရသည့် စားသောက်နေထိုင်မှု ဘဝကို တမ်းတလျက်နှင့်ပင် ဝေးနေရသည်။

Most read this week