တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ၏ လက်မှတ် ထိုးခြင်း မထိုးခြင်းသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ၏ ဥပဒေကြောင်းအရအာမခံချက် ရှိသည့် အခြေခံပေါ်တွင် အရေးကြီး သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ခံယူကြောင်း ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါ သည်။
“ အစိုးရကတော့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန် စတဲ့ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ပိုင်းတွေကိုဖိတ်ချင် ဖိတ်မှာပေါ့။ ဒါက သူတို့ အလုပ်ပါ။ ကျနော်တို့ ကတော့ ဒီလက်မှတ် ထိုးပွဲဟာ ဥပဒေကြောင်းအရ ဘယ်လောက် အာမခံချက် ရှိလဲ ဆိုတဲ့ အပေါ်မှာ မူတည် နေတယ်” ဟုဆိုပါသည်။
(၁) နိုင်ငံရေး အရ အင်အား ရှိသည့် အင်အားစုမှ သက်သေခံ ဖြစ်ရမည်။ (၂) လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဖက်လက်ခံ နိုင်ပြီး ခိုင်မာသည့် သဘော တူညီချက် ရှိရမည်။ (၃) သဘော တူညီချက်ကို ဖေါက်ဖျက်ပါက ဖေါက်ဖျက်သူ အပေါ် အရေးယူနိုင်မည့် အနေအထား ဖြစ်ရပါမည်။ (၄) အရေးပါသော ပုဂ္ဂိုလ်များ လက်မှတ် ထိုးရမည် - စသဖြင့် ဥပဒေကြောင်း ကဲ့သို့ အာမခံချက် ရှိသော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲမျိုးကို UNFC မှ တောင်းဆို နေခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ဥပဒေကြောင်း အရ အာမခံချက် ရှိသည့် အပစ်ရပ် လက်မှတ် ထိုးပွဲမျိုးကို ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင်များ ရှေ့တွင် လက်မှတ် ထိုးလိုကြောင်း၊ သို့မဟုတ်ပါက လေ့လာသူများရှေ့တွင် အာမခံချက် မရှိသည့် ပြီးခဲ့သည့် အပစ် အခတ် ရပ်စဲရေး ပွဲမျိုးကဲ့သို့ အဖြစ် မခံနိုင်ကြောင်း ဆိုပါသည်။
အစိုးရ ဖက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပြီးသတ် လက်မှတ်ရေးထိုးပွဲသို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် ဘီလ်ကလင် စသည့် ကမ္ဘာ့ငြိမ်းချမ်းရေးတွင် ဦးဆောင် ဦးရွက်ပြုနေသူများကိုပါ လေ့လာသူများ အဖြစ် တက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ကရင် အမျိုးသား အစည်းအရုံး KNU တို့၏ WGEC နည်းပညာအဖွဲ့နှင့် မြန်မာ ငြိမ်းချမ်း ရေးစင်တာမှာ တွေ့ဆုံ ဆွေးနွေးစဉ်မှာ ဝန်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာလ အတွင်း ကျင်းပနိုင်ရန် ကြိုးစားနေပြီး သမ္မတ၊ ဒုသမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင် ပါဝင် လက်မှတ် ရေးထိုး ကြမည်ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ မင်းဇော်ဦးက ဆိုပါသည်။
ဤကဲ့သို့ အစိုးရဖက်မှ အထက်ပါ အစီစဉ်များ အတိုင်း ဆောင်ရွက်ရန် ပြင်ဆင်နေသလို UNFC သည်လည်း ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် လိုအပ်သည့် သဘော တူညီချက် များကို ၄င်းတို့ UNFC အဖွဲ့ ၀င်များ၏ တဖွဲ့ချင်းသို့ သွားရောက်ပြီး အမြင် သဘောထား ရယူခဲ့ပါသည်။ အထူးသဖြင့် အထွေအထွေ အတွင်းရေး မှူး နိုင်ဟံသာ ဦးဆောင်ပြီး၊ KIA မှ ကောင်စီဝင် ဗိုလ်မှူးကြီး ကြည်နောင်၊ ရုံးအုပ် ကိုထွန်းဇော်တို့ အဖွဲ့သည် မွန်ပြည်သစ်၊ ကေအန်ယူ အပါအဝင် တခြား နိုင်ငံရေး အစုအဖွဲ့များအား တိုင်ပင် ဆွေးနွေးပြီး ဆုံးဖြတ်ချက် ရယူ ခဲ့ကြောင်း ခွန်ဥက္ကာကဆိုပါသည်။
ထို့နည်းတူ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အေဘွယ်တွိ ဦးဆောင်သော အဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် မြန်မာပြည် မြောက်ပိုင်း အဖွဲ့အစည်းများအား သွားရောက် တိုင်ပင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ရယူနေကြောင်းသိရသည်။
RCSS သည် ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးဖြေရှင်းမှု အာမခံချက်များ မရှိပါက လက်မှတ် ရေးထိုး လိမ့်မည် မဟုတ်ဟု ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိန်းက ဆိုပါသည်။ ထို့နည်းတူ KNU ကလည်း တပ် နေရာချထားရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဖြေရှင်းကြမည့် အခင်းအကျဉ်းများ အာမခံချက် မရှိပါက လက်မှတ် ထိုးလိမ့်မည် မဟုတ်ဟု အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဆိုပါသည်။
၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)ကမူ ယခု လက်မှတ် ထိုးပွဲသည် ၄င်းတို့နှင့် မဆိုင်ကြောင်း၊ တက်ရောက်ရန် ဖိတ်ကြား လာပါက တက်ရောက်ရန် အသင့်ဟု ခံယူထားကြောင်း ပြောခွင့်ရသူ ဦးအောင်မြင့်က ထပ်မံ အတည်ပြု ပြောကြား ခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရ ကျင်းပရန် ရှိသည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး အပေါ် သဘောထား တရပ် မကြာခင် ထုတ် ပြန်ကြေညာနိုင်ရန် UNFC က ပြင်ဆင်နေပါသည်။ စစ်မှန်သော အမျိုးသား ရင်ကြားစေ့ရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစိုးရနှင့် ညှိနှိုင်း သွားမည် ဖြစ်ကြောင်း UNFC က ခံယူ ထားသည်ဟု ဆိုပါသည်။