ရှစ်လအတွင်း လူကုန်ကူးခံရသူအမျိုးသမီး တစ်ရာကျော်ရှိ

ရှစ်လအတွင်း လူကုန်ကူးခံရသူအမျိုးသမီး တစ်ရာကျော်ရှိ
by -
မဇ္စျိမ

ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ ရှစ်လအတွင်း လူကုန်ကူးခံရသူများတွင် အမျိုးသမီးဦးရေမှာ တစ်ရာကျော် ရှိနေကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်သည်။

ဩဂုတ်လအထိ လူကုန်ကူးမှု ၆၄ မှုတွင် အမျိုးသမီး လူကုန်ကူးခံရသူ ၁၁၈ ဦးရှိသည်ပြီး ၂၀၁၂ ခုနှစ်က အဆိုပါရှစ်လအတွင်း  ၈၂ မှုတွင် လူကုန်ကူးခံရသူ ၁၄၉ ဦး ရှိခဲ့သည်။

“စက်တင်ဘာလအတွင်းမှာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို တာချီလိတ်ဘက်မှာ အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေဖို့ ပွဲစားတွေက ခေါ်ဆောင်လာတာကို တာချီလိတ် လူကုန်ကူးတားဆီးရေး အဖွဲ့က လက်ဦးမှုရယူပြီး ဖော်ထုတ်အရေးယူ နိုင်ခဲ့ပါတယ်” ဟု တာချီလိတ် လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး အဖွဲ့မှ ဒု-ရဲမှူ းကြီး ဒေါ်ယဉ်ယဉ်အေးက ပြောသည်။

လိင်လုပ်သားအဖြစ်  ရောင်း စားခံရသည့် အမျိုးသမီးများသည် အသက် ၁၅ နှစ် မှ အသက် ၃၈နှစ်အထိ အသက်အရွယ်များ ပါဝင်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပို့ဆောင် ရောင်းစားခံရသကဲ့သို့  ပြည်တွင်း၌လည်း ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေရန် အမျိုးသမီးငယ်များကို ပွဲစားများက ခေါ်ဆောင်လျက် ရှိနေသည်။

လူကုန်ကူးမှု တားဆီးဖော်ထုတ်ရေးနယ်စပ် ဆက်ဆံရေးရုံးများကို တရုတ်နိုင်ငံတွင် လွယ်ဂျယ်၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ထိုင်းနိုင်ငံတွင် တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ထားဝယ်၊ ကော့သောင်းမြို့ များတွင် လူကုန်ကူးမှုများကို စစ်ဆေး ဖော်ထုတ်ရန် ရုံးများဖွင့်ထားသည်။

ထိုင်း၊ တရုတ်နှင့် ပြည်တွင်းရှိ လူကုန်ကူးခံရသူ အမျိုးသမီးများကို ကယ်တင်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ ယူနီဆက်၊ UNIAP၊ World Vision အဖွဲ့များဖြင့် ပူးပေါင်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်နေသည်။