ဖွဲ့စည်းပုံ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်အတွက် ပင်လုံစိတ်ဓာတ်အခြေခံသော ညီလာခံကျင်းပရမည်ဟု ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူးဆို

ဖွဲ့စည်းပုံ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်အတွက် ပင်လုံစိတ်ဓာတ်အခြေခံသော ညီလာခံကျင်းပရမည်ဟု ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူးဆို
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်(သို့မဟုတ်)အသစ်ရေးဆွဲရန်အတွက် ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် လိုအပ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစော လွင်က စက်တင်ဘာ ၂၃ ရက်ကပြောကြားလိုက်သည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းခန်းမတွင် နောက်ဆုံးနေ့ အဖြစ်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်း၊ကယား၊မွန်) နိဂုံးချုပ် စကား ပြောကြားရာတွင် ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်း၊ကယား၊မွန်) ဖြစ်မြောက်ရေးကော်မ တီ၏ အဖွဲ့ခေါင်းဆောင် (၂ ) လည်း ဖြစ်သည့် ဗိုလ်မှူးကြီးစောလွင်က  "၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖယ်ရှားရေးမှာ နှစ်နည်းရှိပါတယ်။ ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေး ဖြစ်ပါတယ်။ ပြည်သူလူထု အများစုကြီး သဘောကျလက်ခံနိုင်သည်အထိပြင်ဆင်ရေး ဖြစ်ပါတယ်။ လူတစ်ရာကျော်ကြိုက်ဖို့ မလိုပါဘူး။ ပြည်သူလူထု အများကြီးကြိုက်အောင် ပြင်ရမှာ ဖြစ်တယ်။ သည်လိုပြင်ဆင်တဲ့နေရာမှာ လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပ ညီလာခံကြီးမှာ ပြင်ဖို့ ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းက ပြောကြားရာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရေစီစနစ်ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်းသားအားလုံး လိုလားကြသော်လည်း ၂၀ဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ယင်းသို့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ရန် ဟန့်တားနေသည်ဟုလည်း ပြောသည်။

ဗိုလ်မှူးကြီးစောလွင်က "ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်နဲ့ နီးနေသလောက် အခက်အခဲတွေ များပါတယ်။ အခက်အခဲတွေကို မှန်ကန်စွာ မကျော်လွှားနိုင်ရင်နီးရာကနေ ဝေးသွားနိုင်ပါ တယ်" ဟုလည်း ပြောဆို လိုက်သည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပပြီး ယင်းဆွေးနွေးပွဲတွင် ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်သုံးခုမှ အဖွဲ့အစည်းများ အဓိက ပါဝင်ဆွေးနွေးခြင်းဖြစ်သည်။

အခန်းရှစ်ခန်း၊ ပုဒ်မပေါင်း ၄၀ဝ ကျော်ရှိသည့် ၂၀ဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲ ရေး တို့နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကလည်း ဆောင်ရွက်နေကြပြီး လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သော ၂၀ဝ၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစီရင်ခံစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်းကာနိုင်ဝင်ဘာလတွင် ထုတ်ပြန်မည် ဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)တို့ကလည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား အသစ်ရေးဆွဲမှုကို အောက်တိုဘာလ အတွင်း အပြီးဆောင်ရွက်မည်ဖြစ်သည်။

Most read this week