တရားမဝင် အဖွဲ့အစည်းအဖြစ် ရှိနေဆဲသူများကိုလည်း သန်းခေါင်းစာရင်း ကောက်ခံမည်

တရားမဝင် အဖွဲ့အစည်းအဖြစ် ရှိနေဆဲသူများကိုလည်း သန်းခေါင်းစာရင်း ကောက်ခံမည်
by -
ကန္တာရဝတီတိုင်း(မ်)

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ရာတွင် လက်ရှိတရားမဝင်အဖွဲ့အစည်းမှ မပယ်ဖျက်သေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မိသားစု အဖွဲ့ဝင်များ အားလုံးကိုလည်း
 ကောက်ခံသွားမည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ပြည်သူ့အင်အား ဦးစီးဌါန ညွှန်ကြား ရေးမှူးချုပ်  ဦးမြင့်ကြိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစီစစ်ရေးကဒ်ပြား (အနီရောင် )၊ နိုင်ငံခြားသားမှဆင်းသက်လာသည့် ဥပဒေအရ ဧည့်နိုင်ငံသားစီစစ်ရေးကဒ်ပြား (အပြာရောင်)၊ နိုင်ငံခြားသားလူမျိုးများ ဥပဒေမှ ဆင်းသက်လာသည့်
နိုင်ငံသားပြုခွင့်ရသူ စီစစ်ရေးကဒ်ပြား အစိမ်းရောင် ၊ စီစစ်ရေးထုတ်ပေးရန် အချက်အလက်များ မလုံလောက်သေးသည့် အတွက် စီစစ်ဆဲကာလဟု သတ်မှတ်သည့် အမျိုးသားမှတ်ပုံတင်ကဒ် စသည်တို့ရှိရာ လက်ရှိတွင် KNPP အဖွဲ့ဝင်မိသားစုများ  ၃ ခေါက်ချိုးပုံစံ အစိမ်းရောင်ကဒ်ပြားများကိုသာ ထုတ်ပေးထားကြောင်း သိရသည်။

သို့သော် သန်းခေါင်စာရင်းကောက်ခံရာမှာ နိုင်ငံးရေးစိစစ်ရေးကဒ်ပြား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သန်းခေါင်စာရင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံး သက်သေခံအထောက်အထား ဘာမျှမရှိသည်ဖြစ်စေ၊  မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နေထိုင်သူများအားလုံး ကောက်ခံသွားမည်ဖြစ် ကြောင်း ပြောသည်။

ဦးမြင့်ကြိုင်က “Black List စာရင်းထဲမှာပဲပါပါ၊ နိုင်ငံခြားသားမှတ်ပုံတင် FRC ပဲကိုင်ကိုင်၊ မှတ်ပုံတင်မရှိတဲ့ လူပဲ ဖြစ်ဖြစ်၊ အိမ်ထောင်စုစာရင်းမရှိတဲ့သူပဲ ဖြစ်ဖြစ် အားလုံးကောက်သွားမှာပါ။ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ သန်းခေါင်ယံအချိန်မှာ မြန်မာတစ်နိုင်ငံလုံးကို ဓါတ်ပုံရိုက်လိုက်သလို ဓါတ်ပုံထဲမှာ ရိုက်လိုက်တယ် ဆိုလို့ရှိရင် ဓါတ်ပုံထဲက လူတွေအားလုံးကောက်သွားမယ်။ အဲဒီလူက တိုင်းရင်း သားဖြစ်ဖြစ်၊ နိုင်ငံခြားသား ဖြစ်ဖြစ် မှတ်ပုံတင်ရှိရှိ မရှိရှိ၊ Black List စာရင်းထဲပါပါ အားလုံးကောက်သွားမှာပါ” ဟု ပြောသည်။

ဒါ့အပြင် ထိုင်းနိုင်ငံနှင့် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သော မြန်မာတိုင်းရင်းသားများ အားလုံး ကိုလည်း ထိုုင်းနိုင်ငံရှိ မြန်မာသံရုံးမှနေတဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် တိုင်းရင်းသားစာရင်းတွင် မပါ၀င်သည့် ထိုင်း၊ ကုလား၊ တရုတ် လူမျိုးများကို တခြားစာရင်းထဲသို့ ကောက်ခံမှာဖြစ်သည်ဟု သိရသည်။

လွိုင်ကော်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးခင်မောင်သန်းက “တဖက်နိုင်ငံမှာရောက်နေတဲ့ အိမ်ထောင်စုဝင်တွင်ရှိလို့ရှိရင် တခါတည်း ဖြည့်ပေးလို့ရှိရင်  အကျိုးရှိပါတယ်။ တဖက်နိုင်ငံမှာရောက်နေတဲ့ လူတွေရဲ့လူဦးရေကိုလည်း ရမှဖြစ်ပါမယ်” ဟု ပြောသည်။

ကယားပြည်နယ်အတွင်း ၂၀၁၄ ခုနှစ် မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင် စာရင်းအတွက် ကောက်ကွက်မြေပုံများရေးဆွဲထားပြီး ကောက်ကွက်ပေါင်း ( ၄၉၃) ကွက် ရှိကြောင်း သိရသည်။

ကောက်ကွက်ပေါင်း ၄၀၀ ကျော်ရှိသည့်အတွက် စာရင်းကောက် ဆရာ၊မ အယောက် (၄၀၀) ကျော် နှင့် စာရင်းစစ် ဆရာ၊မ အယောက် (၅၀) ကျော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။

ယခုလိုကယားပြည်နယ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ အခမ်းအနား တရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင်မှ လာရောက်ရှင်း လင်းသွားခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ခံရာတွင် မနက် (၇) နာရီမှ ညနေ (၅) နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း ကောက်ခံသူများမှာ မူပြကျောင်းဆရာ၊မ များက ကောက်ခံသွားမည်ဖြစ်၍ စာရင်းစစ်ကိုတော့ အလယ်တန်းနှင့်အထက်ပြ ဆရာ၊မ များ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါသည်ဟု သိရသည်။