ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသုံးသပ်မှုပြုလုပ်

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသုံးသပ်မှုပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာသုံးသပ်သည့် ဆွေးနွေးပွဲကို လွိုင်ကော်မြို့ နောင်ယား(က) ရပ်ကွက် ကက်သလစ်ဓမ္မာရုံတွင် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) မှဦးဆောင်ပြီး သြဂုတ်လ ၁၇ရက် နေ့တွင် ပြုလုပ်သွား သည်ဟု UKSY မှ ခွန်းဘီးဒူက ပြောသည်။

“အခုလက်ရှိ တနိုင်ငံလုံးငြိမ်းချမ်းရေး လုပ်နေတဲ့အပေါ်ကိုကျနော်တို့  ပြန်လည်ဝေငှတာတို့ ပြန်လည် ဆွေးနွေး တာတို့လုပ်သင့်တယ်…အဲလိုလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို နားလည်နိုင်တယ်။
 အဲဒါကိုကျနော်တို့ ငြိမ်းချမ်းရေးတကယ်ရအောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာကို   လေ့လာမယ်ပေါ့နော်"

ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးဘုန်းနိုင်က လက်ရှိကရင်နီပြည်နယ်သည် ငြိမ်းချမ်းရေး မရရှိသေးသည့်အချိန်ဖြစ်၍ အားလုံး ဝိုင်းဝန်းကြိုးစားပေးသွားရန် လိုအပ်လျက်ရှိနေသည်ဟု ပြောသည်။

“ကျနော်တို့ငြိမ်းချမ်းရေး မရသေးပါဘူး။  အပစ်ခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ ငြိမ်ချမ်းရေးရဖို့ ကြိုးစားဖို့ဝေးသေးတယ်။ ဒီလိုမျိုးလူတွေခေါ်ပြီးမှ စည်းဝေးဆွေးနွေးတယ် ပြောဆိုကြတယ် ငြိမ်းချမ်းရေး ဆွေးနွေးတယ်  ဆိုတော့ အချက်အလက်တွေရလာမယ်။ တိုးတက်အောင်လုပ်မယ် စည်းလုံးနေမယ်။ အာဃာတမထားပဲနဲ့။ ကျနော်တို့ ကယားပြည် ကျဉ်းကျဉ်းလေးပဲ လူဦးရေလည်းသိပ်မရှိဘူး။  အဲဒါ ကျနော်တို့ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲ အားလုံးဝိုင်းဝန်းလုပ်ပြီးမှ လုပ်ရင်တော့ ငြိမ်းချမ်းရေး တော့ရမှာပါ"

ဆွေးနွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗိုလ်မှူးဘုန်းနိုင်၊ ပြည်သူ့လွတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ချို၊ ကယားပြည်သစ်ပါတီမှ ဗိုလ်မှူး ဦးစောလွင်၊ ကလလတမှ ဗိုလ်မှူးမန်း သက်စော တို့က ပင်တိုင်ဆွေးနွေးသွားကြပြီး တခြားတက်ရောက်လာကြသည့် NGOs အဖွဲ့များ၊ လူငယ်များကမေးမြန်း ဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် အစိုးရ တပ်သိမ်းမြေယာများ ပြန်ပေးရေးကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲထားသည်မှာ ၁၉ လကြာပြီးနောက် လူငယ်များ၊ NGOs အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ယခုလို စုပေါင်းတွေ့ဆုံပြီး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်းဖြစ်သည်။