ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍာပ်၏ နေရာဘေးရှိ ချောက်ကမ်းပါးထဲသို့ တောနင်းသွားသူတဦး မိုင်းနင်း မိပြီး သေဆုံးခဲ့ရသည်ဟု အစိုးရ လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ် သူဒေသခံ တဦးက ဆိုပါသည်။
“သူ ၀ ဥ သွားတူးတာတဲ့။ မိုင်း ထိချိန်က ၂၂ ရက် နေ့လည် (၁၀) နာရီခွဲ မှာပေ့ါ။ မိုင်းထိထိချင်း သူ့မိသားစုကို ဖုန်းဆက်တယ်။ သူ့ကို ညနေ ၃ နာရီမှ ဆေးရုံပို့နိုင်တော့ လမ်းမှာတင်သေဆုံးသွားတာ။ ” ဟု ဆိုပါသည်။
ကော့ကရိတ်မြို့ ဒေါန လမ်းခင်နိမ့်မူ ကွက်သစ် ရပ်ကွက် (၇) တွင် နေထိုင်သော တရုတ်ဖိုး (၂၈)နှစ် (အဖ ဦးရာကွန့်) သည် ၄င်းနေရာသို့ ၀ဥ သွားတူး စဉ်မိုင်းနင်းမိခြင်းဖြစ်ပြီး ၄င်းအား သွားကြိုသော မိသားစုဝင် တဦးလည်း လမ်းခရီးတွင် ထပ်မံမိုင်းနင်းမိပြန်ကြောင်း အဆိုပါဒေသခံကပြောပါသည်။
“ မိုင်းထပ်နင်းမိတဲ့ နောက်တယောက်က မောင်ဖြိုး အသက် (၂၆)နှစ် အဖ (ဦးအာမင်) ။ မိုင်းထိ ခဲ့တဲ့ တရုတ် ဖိုးကို သွားကြိုရင်း မွန်းလွဲ ၂ နာရီလောက်မှာ နင်းမိတာ။ သူက မသေဘူး အခု ကော့ကရိတ် ဆေးရုံမှာ” ဟုဆိုပါသည်။
ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍပ်၏ ဘေးရှိ လျှိုမြောင် လမ်းသည် ယခင် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်များ လှုပ်ရှား ခဲ့သည့် နေရာဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ကန့်သတ် ထားသည့် နေရာ ဖြစ်သည်ဟု DKBA က ဆိုပါသည်။
ကရင်ပြည်နယ်တွင် ပြည်တွင်း စစ်ဒဏ်ကြောင့် မြေမြှုပ်မိုင်းများ နေရာ အနှ့ံ ရှိနေရာ မြို့နယ် (၁၀)ခု ထက်မနဲတွင် မြေမြှုပ်မိုင်း ဒဏ်ခံ နေရပါသည်။
ဤမြေမြှုပ်မိုင်း များသည် အစိုးရ တပ်ဖွဲ့နှင့် KNU တပ်ဖွဲ့များ အပြန်အလှန် ထောင်ထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုပါသည်။ သံတောင်မြို့ နယ်၊ ဖါပွန်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖါးအံမြို့နယ် များနှင့် ပဲခူး တိုင်းရွှေကျင် ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ် အပါအဝင် တနင်္သာရီတိုင်း မြိတ်၊ ထားဝယ် ခရိုင်ရှိ တောတွင်း နေရာများ ၌မြေမြှုပ်မိုင်း အန္တရာယ် ရှိနေခြင်း ဖြစ်ပါသည်။
ဤအခြေအနေကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ ဂျီနီဗာကေါ အဖွဲ့နှင့် ဥရောပ နိုင်ငံများက အစိုးရနှင့် KNU တို့အား အကူ အညီပေးလျှက် ရှိကြောင်းနှင့် ဖြေရှင်းနိုင်ရန်အတွက် အစိုးရနှင့် KNU တို့၏ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်သည့် အပေါ်၌ မူတည် နေကြောင်း KNU ဖက်မှ ဆိုပါသည်။