(၃)နှစ်ကြာ သိမ်းဆည်းခံ ထားရသည့် လယ်ယာမြေ (၂၇၀၀) ဧကကို လျော်ကြေးပေးမည် ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရ၏ ပြောကြားချက်ကို ဒေသခံများက လက်မခံဟု တုန့်ပြန် ခဲ့ကြောင်း ကရင်နီ အမြဲစိမ်း (Ever green) အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ အာမူထူးက ဆိုပါသည်။
“ ဘိုးဘွားပိုင် မြေကိုဘဲ ပြန်လိုချင်တယ်။ လျှော်ကြေးလည်း မလိုချင်ဘူး။ သိမ်းတာက အစိုးရ အမှတ် (၁၄) တန်းမြင့်စစ် လေ့ကျင်းရေး ကျောင်းအတွက်လို့ ပြောတယ်။ လိုသလောက်ဘဲ ယူပြီးတော့ ကျန်မြေတွေကို ဦးပိုင် ပြန်ချပေးမယ်လို့ ပြောတယ်။ဒါလည်း မဖြစ်သေးဘူး။ ပြီးတော့ မြေအစားထိုး ပေးမယ်လို့လည်း ပြောနေတယ်။ ဒါလည်း ရွာနဲ့ မိုင် (၂၀) လောက် ဝေးနေသလို သူများမြေလည်း ဖြစ်ပြန်တယ်။ အမျိုးမျိုး ပြောနေတာပေါ့ဗျာ” ဟု ဆိုပါသည်။
အစိုးရသည် ကယားပြည်နယ် ဖရူးဆိုမြို့နယ် ဒေါလောခူရွာ၊ မာရှောရှေးရွာ၊ လောဂျာရွာနှင့် လောခို့ခူရွာ ရွာမှ မြေဧ က (၂၇၀၀)ကို စစ်သင်တန်း ကျောင်းအတွက် ဆိုပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက သိမ်းဆည်း ထားခဲ့ပါသည်။ လို အပ်သလောက်သာ ယူတော့မည် ဖြစ်ကြောင်း ကျန်သည့်မြေများ ပြန်ပေးမည် ဖြစ်ကြောင်း ပြည်နယ် အစိုးရမှ မြေရှင် များအား ပြောကြား ထားပါသည်။
သို့သော် လက်တွေ့ဖြစ်မလာဘဲ သိမ်းဆည်း မြေများ အတွက် လျှော်ကြေး ပေးမည်ဟု ထုတ်ပြန် ထား ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ (၁၇)ရက်နေ့ လူထု ရှင်းလင်းပွဲ တရပ်၌ ပြည်ထောင်စု ကြံ့ခိုင် ဖွ့ံဖြိုးရေး ပါတီမှ ပြည်သူ့ လွတ်တော် ကိုယ် စားလှယ် ဦးခင်မောင်ညို ကတင်ပြ သွားခဲ့ ပါသည်။
စစ်တပ် သိမ်းဆည်းမြေသည် အများအပြား ရှိကြောင်း သိမ်းဆည်း မြေများကို အစားထိုးပေးခြင်း၊ လျှော်ကြေးပေးခြင်း၊ မလိုသော မြေများကို ပြန်ပေးခြင်း စသဖြင့် ပြောနေသော်လည်း ယနေ့အထိ အကောင်အထည်ဖေါ် ပေးခြင်း မရှိသေး ဟု ကယန်းပြည်သစ် ပါတီအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောလွင် ကဆိုပါသည်။
သိမ်းဆည်းမြေ ကိစ္စနှင့် ပတ်သက်ပြီး ကယား ပြည်နယ် အစိုးရ အဖွဲ့သည် ပြီးခဲ့သည့်ဇူလိုင်လတွင် ဖရူးဆိုမြို့နယ် လယ် ယာမြေ အသိမ်းခံရသည့် ဒေါလောခူရွာ၊ မာရှောရှေးရွာ၊ လောဂျာရွာ၊ လောခို့ခူရွာ ရွာသို့ ရောက်ရှိ လာပြီး သိမ်းဆည်း မြေများအား လျော်ကြေး ပေးမည်ဟု ဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။
“ စုစုပေါင်း ပိုင်ရှင်က (၁၇၆၈) ဦး ရှိတယ် သူတို့ကတော့ အရင် ကတည်းကရော အခုရောပဲ သူတို့လျှော် ကြေးမလိုချင် ဘူးတဲ့ သူတို့ ဘိုးဘွားပိုင် မြေကိုပဲ ပြန်လိုချင်တယ်လို့ ပြောနေတယ်ဟု” အာမူထူးက ဆိုပါသည်။
ဤသို့ကြောင့် အစိုးရ တပ်ဖွဲ့သည် ၄င်းတို့ သိမ်းဆည်း ထားသည့် လယ်ယာမြေများ အထဲမှ လိုအပ် သလောက် ကိုသာ ခြံစည်းရိုး ခတ်နေကြပါသည်။ မလိုအပ်တော့ဘဲ ပိုလျှံနေသည့် မြေဧရိယာ များကို ဦးပိုင်မြေစံနစ် ဆိုပြီး ပြန်ပေးမည်ဟုဆို ထားပါသည်။
သို့သော်လည်း မြေဧက မည်မျှကို ခြံစည်းရိုး ခတ်ပြီး ဧကမည်မျှ ပိုလျှံ သည်ကို မသိရသေးပေ။ ပိုလျှံမြေများ ပြန်ပေး မည်ဆိုပါက ကျေးရွာမှ မည်သို့ မည်ပုံ ခွဲဝေကြမည် ဆိုသည့် ပြသနာလည်း ရှိနေသည်ဟု ကရင်နီ အမြဲစိမ်း (Ever green) က ဆိုပါသည်။