ချင်းကျောင်းသား၊ ကျောင်းသူအများစု တက်ရောက်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးတက္ကသိုလ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာတယ်လို့ သိရပါတယ်။
အခုလို တက္ကသိုလ်ကျောင်းသားများကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့် အတူ မူးယစ် ဆေးဝါးသုံးစွဲမှုဖြင့် အရေးယူထားတဲ့ ကျောင်းသားကျောင်းသူများလည်း ရှိနေတယ်လို့ ကလေးမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးစိုးမြင့်က ပြောတယ်လို့ သိရသည်။
“ကျောင်းသားတွေကြားမှာ မူးယစ်ဆေးက ဆေးလိပ်သောက်၊ ကွမ်းစားသဘောလိုကိုဖြစ်နေပြီး ခုကျတော် တို့ဆီမှာ ဆေးသုံးစွဲမှုနဲ့ သတ္တဗေဒမှ ကျောင်းသူတစ်ဦးကို အရေးယူထားတာရှိတယ်” လို့ အဆိုပါ ရဲမှူးက ပြောတယ်။
ဆေးသုံးစွဲမှုများလာတာကြောင့် ခိုးမှုများ မကြာခဏကြားနေရပြီး အများအားဖြင့် တက္ကသိုလ်အတွင်း ဘော်လုံးကွင်းပတ်ဝန်းကျင် နဲ့ တက္ကသိုလ်ဝင်းပြင်ပ ကိုးမိုင်ကျောက်တလုံးချောင်းဝန်းကျင်ကို သွားပြီး ဆေးသုံးစွဲနေ ကြကြောင်း အချို့မှာ ဆေးထိုးအပ် သုံးစွဲတဲ့ အဆင့်ရှိနေပြီဖြစ်ကြောင်းလည်း ကျောင်းသား တဦးက ယခုလို ပြောတယ်။
“ အများအားဖြင့် အုပ်စုလိုက်လုပ်ကြတာ၊ အရက်သောက်လို့မူးတာနဲ့တော့မတူဘူး၊ အခန်းထဲမှာ ကုပ်နေကြ တယ်၊ ဆိုးတာက ပစ္စည်းပျောက်တာတွေအရမ်းများလာတယ်၊ ဆရာ၊ ဆရာမ တွေ အနေနဲ့လည်း ဘာမှမ တတ်နိုင်ဘူး။”
ကလေးမြို့တွင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က မူးယစ်ဆေးဝါးဖြင့်ဖမ်းဆီးမှု ၁၀၄ ကြိမ်၊ ယခုနှစ်တွင် အကြိမ် ၁၀၀ ကျော်သွားပြီလို့သိရပြီး အများအားဖြင့် ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေး၊ ခတ်ပုံ၊ ဆူဒိုအက်ဖီဒရင်းဆေး ပြားတွေကို သုံးစွဲကြသည်။