ရှမ်း၊ ကယား၊ မွန် အဖွဲ့များ စီစဉ်သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အစိုးရမှ ခွင့်ပြု လိုက်ပြီး ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က ဆိုပါသည်။
“ ခွင့်ပြုချက် ကတော့ စက်တင်ဘာ (၁၅) ရက်နေ့က အကြောင်းပြန် ပါတယ်။ ကျနော်တို့ ကတော့ စက်တင်ဘာ (၂၁) ရက်နေ့ ကနေ (၂၃) ရက်နေ့ အထိ ကျင်းပမယ်။ ဖိတ်ထား တာက အဖွဲ့ပေါင်း (၄၀)ကျော် က ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော်လောက် တတ်ရောက် လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်” ဟုဆိုပါသည်။
၄င်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ နှင့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ ကိစ္စများကို အမြင်ဖလှယ်သွားကြမည်ဟု ဆိုပါသည်။
ထို့ပြင် ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ကိုယ်စားလှယ် များသည် မိမိတို့ အဖွဲ့အစည်း သဘောထားနှင့် အခြားအဖွဲ့ စည်း၏ သဘောထားများကိုအမြင် ဖလှယ်ခြင်း၊ တစ်ဖွဲ့ချင်း၊ တစ်ပါတီချင်း ယုံကြည်မှု တည်ဆောက်ခြင်းကို အပြန်အလှန် ဆွေးနွေးခြင်း အားဖြင့် ယုံကြည်မှု တည်ဆောက် သွားမည်ဟုဆိုပါသည်။
ဆွေးနွေးပွဲ စီစဉ်ရေး အဖွဲ့သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တွင် ရှိသည့် နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို အဓိကထား ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။ အထူးသဖြင့် တိုင်းရင်းသား များ၏ တောင်းဆိုချက် အရအပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသား အဖွဲ့များ အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ '၀' ဒီမို ကရက်တစ် ပါတီ၊ရှမ်းပြည် တိုးတက်ရေး ပါတီSSPP/SSA အဖွဲ့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS၊ ကယန်း ပြည်သစ် ပါတီ၊ ကယန်း အမျိုးသား ပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ဒေသ လုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်ပြည်သစ် ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီနှင့်ကိုးကန့်နှစ်ပါတီ တို့ကိုလည်း တိုးချဲ့ဖိတ်ကြား ခဲ့သည်ဟု ဆိုပါသည်။
ထို့အပြင် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မီတီသည် တခြား မဖိတ်ကြား ရသေးသောရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ KNU နဲ့ DKBA၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ၈၈မျိုးဆက်အဖွဲ့၊ လူမှု အခြေပြု အဖွဲ့အစည်းများပါ ဖိတ် ကြား ထားသည်ဟု ဆိုပါသည်။
ယုံကြည်မှု အတွက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲကို UNFC အနေဖြင့် ကိုယ်စားလှယ်များ မလွတ် နိုင်သော်လည်း အားလုံး သဘော တူညီချက် အတိုင်း ထပ်တူ ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ သွားမည် ဟု UNFC အတွင်း ရေးမှူး (၂)ဖြစ်သူခွန်ဥက္ကာ ကဆိုပါသည်။
အလားတူ လွှတ်တော် အမတ်များကို သီးသန့် ဖိတ်ကြား ထားခြင်း မရှိသော်လည်း ပါတီ များ၏ ရွေးချယ်မည့် ကိုယ်စားလှယ်များတွင် လွတ်တော် အမတ်များလည်း ပါ၀င် လာနိုင်သည်ဟု ဆိုပါသည်။
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တိုင်းရင်းသားများ အားလုံး
ပူးပေါင်း ပါ၀င်နိုင်ရန် ရည်ရွယ် ကျင်း ပခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သူများက ဆိုပါသည်။
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲသည် ပထမတွင် (SNLD)မှ ရှမ်းလူမျိုး အတွင်း၌သာ ဦးဆောင် ကျင်းပ ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ကယားပြည်နယ်မှ လူမှု အဖွဲ့အစည်း များအပြင် မွန်ပြည်နယ်နှင့် ပူးပေါင်း ဆောင်ရွက် လာနိုင်ခဲ့သည့် အတွက် ကျယ်ပြန့် လာခြင်း ဖြစ်သည်ဟု ဆိုသည်။