အသက် ၁၆ နှစ်အောက် ကလေးများအား အဓမ္မကျူးလွန်သူကို သေဒဏ်ချမှတ်နိုင်သည့် အဆိုတင်မည်

အသက် ၁၆ နှစ်အောက် ကလေးများအား အဓမ္မကျူးလွန်သူကို သေဒဏ်ချမှတ်နိုင်သည့် အဆိုတင်မည်
by -
မဇ္စျိမ

အသက် ၁၆ နှစ်အောက် ကလေးများအား အဓမ္မပြုကျင့်သည့် ပြစ်မှုကျူးလွန်ပါက သေဒဏ်အထိ ချမှတ်နိုင် သည့် ဥပဒေ ပြင်ဆင်ချက် အဆိုကို သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွန့်က အောက်တိုဘာ လတွင် ကျင်းပမည့် အဋ္ဌမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်ဟု ဆိုသည်။

လွှတ်တော်အမတ် ဦးသိန်းညွန့်က အမျိုးသမီးများအပေါ်တွင် အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်မည်ဖြစ်ပြီး ယခုလာမည့်အကြိမ် လွှတ်တော်တွင် အသက်၁၆ နှစ်အောက်ကလေး သူငယ်များအား အဓမ္မကျူးလွန်ပါက သေဒဏ်အထိ ပေးနိုင်ရန် ဥပဒေပြင်ဆင်ချက် အဆိုကို တင်သွင်း မည်ဖြစ်သည်။ ထို့အပြင် နဝမအကြိမ် လွှတ်တော်တွင်မူ အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ကာကွယ် သည့် သီးသန့်ဥပဒေတစ်ခုကို တင်သွင်းမည်ဟု ပြောသည်။

“အနာဂတ်အတွက် အင်မတန်အရေးကြီးပြီး တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အင်မတန် ထိပါးတဲ့ ကလေးသူငယ် တွေ အပေါ်မှာ ကျူးလွန်မှုတွေ လပိုင်းအတွင်း အမြောက်အမြား တွေ့ရတယ်”ဟု ဦးသိန်းညွန့်က အဆိုတင် သွင်းရမည့် အကြောင်းကို ပြောသည်။

ရန်ကုန်တိုင်းတွင် အဓမ္မပြုကျင့်မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းသည် ၁၈ နှစ်အောက် ကလေးများဖြစ်ပြီး ယခုနှစ် အတွင်း အဓမ္မပြုကျင့်မှုပေါင်း ၉၃ မှုအနက် ရ၉ မှုမှာ အသက်မပြည့်သေးသည့် ကလေးများသာဖြစ်ကြောင်း
လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက စက်တင်ဘာလ ၁၇ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ပြောဆိုခဲ့သည်။

မြို့နယ်ပေါင်း ၄၅ ခုတွင်လည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများဖွဲ့ပြီး ပညာပေ ဟောပြောမှု များ ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။

ယင်းအပြင် အဓမ္မပြုကျင့်မှုများ ဖြစ်ပေါ်စေသည့် အရက်ပုန်းဆိုင်များ၊ မူးယစ်ဆေးဝါးများ၊ ညစ်ညမ်း ဗီဒီ ယိုခွေများ နှင့် ကာမစိတ် နိုးကြားစေသော ဆေးဝါးများကို ဖမ်းဆီးနေသည်ဟုလည်း ဆိုသည်။

ဗိုလ်မှူးကြီးတင်ဝင်း၏ ပြောဆိုချက်တွင် ၂၀၁၂ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်းတွင် အဓမ္မပြုကျင့်မှု ပေါင်း ၁၃၅ မှုဖြစ်ခဲ့ပြီး အသက်မပြည့်သူများအား အဓမ္မကျင့်ခံရမှုမှာ ၈၈ မှုရှိခဲ့သည်။ ထိုအမှုများတွင်
စက်ဆုတ်ဖွယ်ရာဖြစ်သည့် ၁၀ နှစ်အောက် ကလေးငယ်များအား အဓမ္မကျင့်မှု ၁၅ မှုရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။