မိုးကြိုးပစ်၍ စာသင်ကျောင်းပျက်စီး

မိုးကြိုးပစ်၍ စာသင်ကျောင်းပျက်စီး
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် လောပိတကျေးရွာ အထက်တန်းကျောင်းတွင် မိုးကြိုးပစ်၍ စစ်တောင်းဆောင်မှ စာသင်ခန်းတချို့ ထိခိုက်ပျက်စီးသွားသည်ဟု ကျောင်းစောင့် ဦးတင့်လွင်က ပြောသည်။

စက်တင်ဘာလ(၈)ရက်နေ့ တနင်္ဂနွေနေ့နံနက်(၁း၃၀) နာရီခွဲမိုးရွာသွန်းနေသည့်အချိန်တွင် မိုးကြိုးပစ်ချ ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်တောင်းဆောင်သည် ပထမတန်းမှ စတုတ္ထတန်းအထိ စာသင်ခန်းလေးခန်းရှိရာ  ဒုတိယတန်းစာသင်ခန်း ကို အဓိကထိမှန် ပျက်စီးသွားခြင်းဖြစ်သည်။

ဦးတင့်လွင်က “အချက်ရေပြောရရင်တော့ ဒီအတွင်းမှာတော့ (၉) ချက်လောက်ရှိတယ်။ အပြင်မှာတော့ အချက်ရေ မကြည့် သေးဘူး။ ထိခိုက်သွားတာကတော့ နံရံတွေပဲ။ အုတ်နံရံပေ့ါ။ ပြီးတော့ သစ်သားဘောင်တွေ နည်းနည်းကွဲ သွားတယ်။ တခြားထိခိုက်တာတော့ မရှိဘူး” ဟုပြောသည်။

မိုးကြိုးပစ်ဒဏ်ကြောင့် အုတ်နံရံအတွင်းအပြင်ကွဲထွက်ခြင်း၊ မီးခလုတ်များလောင်ကျွမ်းခြင်း၊ တံခါးပေါက်မှန်ချပ် ကွဲထွက်ခြင်း၊ ပြတင်းပေါက်ကျဉ်းဘောင် ပဲ့ထွက်ခြင်း၊ နံရံဒေါက်တိုင်တတိုင်ကွာထွက်ခြင်း၊ စစ်တောင်းဆောင်မှ ချင်းတွင်းဆောင်သို့ သွယ်တန်းထားသော မီးကြိုးများလည်း ပြတ်တောက်သွားခြင်းနှင့် ချင်းတွင်းဆောင်ရှိ မိန်းဆွိများ လောင်ကျွမ်းခြင်းရှိခဲ့ကြောင်း သိရပါသည်။

မိုးကြိုးပစ်စဉ် ထိုစာသင်ဆောင်နှင့် တခန်းကျော်တွင်လည်း ကျောင်းစောင့်မိသားစုများ ရှိနေကြသော်လည်း တခြားထိမှန်ခြင်း မရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိပျက်စီးသွားသောကျောင်းခန်းကို ပြန်လည်ပြုပြင်ရန်အတွက် သက်ဆိုင်ရာဌါနဆိုင်ရာသို့ တင်ပြထားကြပြီး လောလောဆယ်တွင် ဒုတိယတန်းကျောင်းသူ/သားများ ၎င်းစာသင်ခန်းတွင် ဆက်လက် သင်ကြားနေကြသည်ဟု သိရသည်။