အစိုးရ၏ Nation Wide Ceasefire အပေါ် နိုင်ငံတကာ ပညာရှင်များအမြင်

အစိုးရ၏ Nation Wide Ceasefire အပေါ် နိုင်ငံတကာ ပညာရှင်များအမြင်
by -
ရွှေဟင်္သာ

နိုင်ငံခြား ပညာရှင်များနှင့် တိုင်းရင်းသား ပညာရှင်များ ပူးပေါင်းပြီး အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက် မှတ်ထိုးပွဲ ဖိတ်ခေါ်ထားချက် အပေါ် အချက် (၄)ချက်ဖြင့် ၄င်းတို့ဝေဖန် အကြံပြု ခဲ့ကြသည်ဟု နှစ်ရက်ကြာ ကျင်းပ သည့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည့် တိုင်းရင်းသား ပညာရှင် ခွန်ဥက္ကာက ဆိုပါ သည်။

“ဆွေးနွေးပွဲကိုတော့ စက်တင်ဘာလ ၁၆  နဲ့ ၁၇ ရက်နေ့ နေ့လည် (၁) နာရီ အထိ ဆွေးနွေးကြပါတယ်။ အဓိက ကတော့ အစိုးရဖက်က ဖိတ်ခေါ်ထားတဲ့ တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် ဘယ်လို အဖြေရှာ သွားကြမလဲ၊ ရှေ့ဆက် ဘယ်လို လုပ်ဆောင် သွားဖို့ လိုသလဲ ဆိုတဲ့ ရှုဒေါင့်ကို ဆွေးနွေးခဲ့ကြတာပါ” ဟု ဆိုပါသည်။

ဤဆွေးနွေးပွဲကို ဟန်ညောင်ဝေ ဦးဆောင်သော အီးယူ မြန်မာရုံး (EBO) မှ ကမကထပြု ကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်တွင်း ပြည်ပ ပညာရှင် (၂၀)ကျော် တက်ရောက်ခဲ့ပါသည်။ ပညာရှင် များသည် အစိုးရ တင်ပြချက်အား အချက် (၄)ချက်ဖြင့် ရှုမြင်သုံးသပ်ခဲ့ ကြကြောင်း ဆိုပါသည်။

-       လက်ရှိ အစိုးရ ဖိတ်ခေါ်နေသည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ (Nation Wide Ceasefire Accord) အပေါ် မည်သို့ မည်ပုံ ချဉ်းကပ် လုပ်ဆောင် သွားမည်ကို အဖြေရှာခြင်း။

-       နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကြိုတင် ညှိနှိုင်းရမည့် Frame work for political dialog ဆိုသည့် အချက် အပေါ် RCSS နှင့် KNU တို့မှ အစိုးရနှင့် ပြောဆိုဆွေးနွေး ထားသည့် အခြေအနေကို တင်ပြဆွေးနွေးခြင်း။

-       ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်မည် ဆိုပါက မည်သည့် နည်းဖြင့် ပြင်ဆင် သွားမည်၊ မည်သို့ ပူးပေါင်း ဆောင်ရွက် သွားကြမည်ကို အဖြေရှာခြင်း။

- ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား မဟာမိတ် အဖွဲ့ (UNA) တို့ ဆုံးဖြတ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်မည် ဆိုပါက
ဖက်ဒရယ် (federal ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အစားထိုးနိုင်ရန် အတွက် မူကြမ်း တစ်စောင် ထပ်မံရေးဆွဲရန် ဆိုသည့် ဆုံးဖြတ်ချက် အပေါ် ပညာရှင်များက ၀ိုင်းဝန်း အကြံပြုကြပါသည်။

“ အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်တာနဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ ရေးတဲ့ လုပ်ငန်းစဉ်နှစ်ခုက ယှဉ်ပြိုင် သွားတဲ့ သဘော မသက်ရောက်ဖို့၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ပဋိပက္ခ မဖြစ်ဖို့ အတွက် အကောင်းဆုံး လုပ်ဆောင် သွားဖို့ လိုအပ် တယ်လို့ ပညာရှင်များ ဆွေးနွေးပွဲမှာ အကြံပြု ဆွေးနွေး သွားကြတယ်” ဟု ခွန်ဥက္ကာက ဆိုပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သော နိုင်ငံခြား ပညာရှင် များမှာ သြစတြေးလျ၊ အမေရိကန်၊ humanitarian dialog အဖွဲ့၊ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် စိတ်ပါ၀င်စားသည့် သက်ဆိုင်ရာ နိုင်ငံခြား ပညာရှင်များ တက်ရောက်ပါသည်။

ပြည်တွင်း ပညာရှင်များ အဖြစ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)  နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့၏  တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)မှ နည်းပညာ အထောက်အကူပြု အဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့စဉ်
ပါ၀င် တက်ရောက် ခဲ့သော ပဒို တူးတူးလေး၊ ဒေါက်တာ လျှံမုန်း၊ အစိုးရ (MPC) မှ ဒေါက်တာ ဒူးမွန်ကျွံလျှံနှင့် ဆရာ ဆန်ခွမ်းတို့ တက်ရောက် ခဲ့ပါသည်။

ဤဆွေးနွေးပွဲတွင် ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ ခွန်ဥက္ကာအား တိုင်းရင်းသား ပညာရှင် တစ်ဦး အဖြစ် ဖိတ်ကြားထား ခဲ့သော်လည်း ၄င်းသည် လေ့လာသူ တဦး အနေဖြင့်သာ တက်ရောက် ခဲ့သည်ဟု ဆိုပါသည်။

ယခု ကျင်းပခဲ့သည့် မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး ဘန်ကောက် ဆွေးနွေးပွဲသည်  ပြည်ပ ပညာရှင် ၁၅ ဦးထက် မနည်း တက်ရောက်ပြီး ပြည်တွင်း ပညာရှင် ၆ ဦး မျှ တက်ရောက်သည့် ပထမဆုံး အကြိမ် ပညာရှင်နှီးနှော ဖလှယ်ပွဲ ဖြစ်သည်ဟု ယူဆရပါသည်။

အစိုးရသည် ၂၀၁၁ ခုနှစ်မှ စပြီး ပြည်နယ် အခြေခံမူ (၅) ချက်နှင့် ပြည်ထောင်စု အဆင့် အခြေခံမူ (၈) ချက် တို့ကို အခြေခံ ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ ဤမူဖြင့် ပြည်တွင်း လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့နှင့် အပစ်ရပ်စဲနိုင်ခဲ့ပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သည် နောက်ဆုံး အပစ်အခတ် ရပ်စဲနိုင်ခဲ့ သည့် အဖွဲ့ဖြစ်ပါသည်။

ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ် များမှာမူ အပစ် ရပ်လိုသော်လည်း အစိုးရ၏ အပေါ်စီး ရယူလိုမှု အခြေ အနေကြောင့် အပစ်အခတ် ရပ်စဲရေး မတည်ဆောက်နိုင်သေးခြင်း ဖြစ်သည်ဟု တအာင်း (ပလောင်) အမျိုုးသား လွတ်မြောက်ရေး တပ်မတော်က ယူဆထားပါသည်။

သို့သော် အစိုးရ၏ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများတွင်မူ အဖွဲ့တိုင်း လိုလိုအား သဘော တူညီချက်ဖြင့် ရယူထား သော်လည်း မည်သည့် အကောင်အထည်မှုမှ မရှိခဲ့ပေ။ ဤသို့သော အခြေအနေမျိုးတွင် အစိုးရသည် သဘော တူထား ခဲ့သည့် အချက်များကို လျစ်လျူရှုပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အစီစဉ် ဖက်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ ဤအပြောင်းအလဲနှင့် အတူ စစ်တပ်မူ (၆) ချက်ကိုလည်း တရားဝင် ထုတ်ဖေါ်ပြောကြား လာခဲ့ပါသည်။

ဤသို့ကြောင့် အစိုးရ အပေါ် သံသယများ ပိုမိုဖြစ်ပွား လာခဲ့ကြောင်း UNFC အဖွဲ့ဝင် များက ဆိုပါသည်။ ယခု ကျင်းပသည့် ပညာရှင်အဖွဲ့ထဲမှ  ပြည်တွင်း ပညာရှင် များသည်လည်း အစိုးရ အစီအစဉ်ကို လိုလားသော ပညာရှင်များ ဖြစ်သည်ဟု ယူဆ ခံထားရသည့် အပြင် ဆွေးနွေးပွဲ ဖြစ်မြောက်လာရန် ကမကထ လုပ်ဆောင်ပေးသည့် EBO အဖွဲ့သည်လည်း နဂိုကမှ အစိုးရအစီအစဉ်အား လိုက်လျှောပေးခဲ့သည့်  အဖွဲ့ဟု ယူဆ ခံထားရကြောင်း (UNFC) အဖွဲ့ဝင်များက သုံးသပ်နေပါ သည်။