မြန်မာနိုင်ငံကိုတင်ပို့မည့် Pseudoephedrine ဆေးပြားကို မီဇိုရမ်ပြည်နယ်တွင် စက်တင်ဘာလ ပထမပတ်အတွင်း ဖမ်းဆီးရမိသောတန်ဖိုးမှာ အိန္ဒိယ ရူပီး သိန်း ၂၀၀ ကျော်ပြီးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ (၁၁) ရက်နေ့ညနေ ၄း၃၀ က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Khankawn ကျေးရွာတွင် မြန်မာနိုင်ငံကို တင်ပို့မည့် ဆေးပြား ၅၁၃၇၀၀ လုံး တန်ဖိုးအားဖြင့် (ရှုပီး သိန်း ၄၆၂၃၃၀၀) ကို ကျန်ဖိုင်းရဲများက ဖမ်းဆီးခဲ့သည်။
စက်တင်ဘာ (၁၂) ရက်နေ့ကလည်း Assam ပြည်နယ်နဲ့ မီဇိုရမ်နယ်စပ်ဖြစ်သော Vairengte ကျေးရွာတွင် မြန်မာနိုင်ငံကို တင်ပို့မယ့် ဆေးပြား အလုံး ၆၀၈၄၄၀ ကို မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဆေးပြားနဲ့အတူ ဆေးပြားသယ် ဆောင်သူ လူ ၅ ဦးကို ဖမ်းဆီးမိခဲ့ပြီး အဆိုပါ တရားခံ ၅ ဦးတွင် မြန်မာနိုင်ငံသား ချင်းလူမျိုးနှစ်ဦး လည်း ပါ၀င်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ချင်းလူမျိုးနှစ်ဦးမှာ ချင်းပြည်နယ် Thingchang ကျေးရွာမှ အဘ ဦး Lalsawithuama ၏ သား Kawlianngaia (29) နှင့် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်ကျေးရွာမှ အဘ ဦး Vanlalhruaia (L) ၏သား Rodingliana (40) တို့ ဖြစ်ကြသည်။
ဆက်လက်၍ စက်တင်ဘာ (၁၄) ရက်နေ့မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင် Hringlang တောင်တွင် မြန်မာနိုင်ငံကိုတင်ပို့မယ့် ဆေးပြားအလုံး သိန်း ၁၅ လုံးကျော် တန်ဖိုးအားဖြင့် (ရှုပီး သိန်း ၁၂၁၈၀၄၀၀) ကို ကျန်ဖိုင်းရဲက ထပ်မံဖမ်းဆီးခဲ့သည်။
အဆိုပါဖမ်းဆီးထားသော ဆေးပြားအားလုံးသည် အိန္ဒိယနိုင်ငံ နယူဒေလီမှတဆင့် မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသို့ တင်ပို့မယ့် ဆေးပြားများဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် အရင်နှစ်တွေထက် ယင်း Pseudoephedrine ဆေးပြားဖမ်းဆီးမှုတိုးပွားလာကြောင်း နှင့် မြန်မာနိုင်ငံ သားများ ပါ၀င်ပတ်သက်မှုများနေကြောင်း၊ ဆေးပြား တကပ်ကို ရှုပီး ၃.၇၅ ဖြင့် ၀ယ်ယူပြီးမြန်မာနိုင်ငံတွင် ရှုပီး ၈.၅၀ နှုန်းဖြင့် ပြန်လည်ရောင်းချကြကြောင်း ယင်းဆေးပြားကြောင့် နေ့ချင်းညချင်း ကြီးပွားချမ်းသာနေကြ ကြောင်း လည်း သိရ သည်။