မွန်ပြည်သစ် ပါတီ နှင့် Norwegian People Aid (NPA) အဖွဲ့အပါအဝင် Dan Church Aid (DCA) တို့သည် မြေမြုပ်မိုင်း အန္တရာယ် ပညာပေးရေး” (Mine Risk Education) ဆရာဖြစ် သင်တန်း တစ်ရပ်ကို
မွန်ပြည်သစ် ပါတီ မော်လမြိုင် ဆက်ဆံရေး ရုံး၌ ယနေ့ စတင် ကျင်းပ ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေး ရုံးမှ နိုင်ဟံသာဗိုန်ခိုင်က ဆိုပါသည်။
“အဓိက ကတော့ လာမယ့် အောက်တိုဘာ လမှာ ဒေသ တွေကို ကွင်းဆင်းပြီးပညာပေး ရှင်းလင်းပွဲ လုပ်ဖို့ ရှိတာ ဆို တော့ MRE သင်တန်းရဲ့ TOT တက်ပြီးတဲ့ လူတွေကို မွမ်းမံ လေ့ကျင့် ပေးတဲ့ Refresher သဘောပါပဲ” ဟု ဆိုပါ သည်။
၄င်းသင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ သုံးရက်တာ ကျင်းပ သွားမည် ဖြစ်ပြီး “မြေမြုပ်မိုင်း အန္တရာယ် ပညာပေးရေး” MRE TOT မွမ်းမံ သင်တန်းသား (၂၀) ခန့် တက်ရောက်ခဲ့ ကြပါသည်။သင်တန်းကို Norwegian People Aid (NPA) အဖွဲ့နှင့် Dan Church Aid (DCA) တို့မှ ပို့ချ ပေးခဲ့ပါသည်။
မွန်ပြည်သစ် ပါတီသည် ၄င်းသင်တန်းသား များအား ၄င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေ တွင်း၌ မြေမြုပ်မိုင်း ဆိုင်ရာ သင်တန်း များကို သုံးကြိမ်မျှ ပို့ချ ထားပြီး သူများ ဖြစ်ပါသည်။
NPA အဖွဲ့သည် မိုင်းရှင်း လင်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရန် အတွက် မြန်မာ အစိုးရ တို့ အကြား နားလည်မှု စာချွန် လွှာ လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည်။ ၄င်းတို့သည် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြယ်နယ်၊ ကယားပြည် နယ်နှင့် ပဲခူးတိုင်း အတွင်းရှိ ကျောက်ကြီး ဒေသ တို့၌ မြေမြှုပ်မိုင်းများ ရှင်းလင်း သွားမည် ဟုဆိုပါသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေး သဘောထား ကို- တပ်များနေရာ ချထားခြင်း၊ နယ်မြေ သတ်မှတ်ခြင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမှုများအပေါ် ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုသည် အစိုးရ အပေါ် မယုံသင်္ကာ ဖြစ်နေသည်ဟုဆိုပါသည်။ ဤသို့ကြောင့် မြေမြှုပ် မိုင်းရှင်းလင်းရေး ကိစ္စတွင် နှောင့်နှေး နေရခြင်း ဖြစ်သည်ဟု ၄င်းတို့က ဆိုပါသည်။
မွန်ပြည်သစ် ပါတီကမူ နိုင်ငံရေး ဆွေးနွေးမှု အာမခံချက် မရှိသေးသည့် အတွက် စစ်ရေး ဆိုင်ရာ လုံခြံုမှု အတွက် ရည်ရွယ် အသုံးပြု ထားသည့် မြေမြုပ် မိုင်းများကို ရှင်းလင်း ဖော်ထုတ် ပစ်ရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ဆိုပါသည်။
ဤသို့ကြောင့် ဤလုပ်ငန်းစဉ်ကို အကောင်အထည် ဖေါ်ရာတွင် Norwegian People Aid (NPA) အဖွဲ့အပါ၀င် Dan Church Aid (DCA) တို့သည် အစိုးရ၏ သဘော တူညီမှုဖြင့် လက်နက်ကိုင် တိုင်းရင်းသား နယ်မြေ၌ မိုင်းရှင်းလင်းနေ ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ရှင်းလင်း ရာတွင်လည်း အဆင့် (၃) ဆင့် ဖြစ်သော ပညာပေးခြင်း၊ သတင်း စုဆောင်း ခြင်းနှင့် လက်တွေ့ အကောင်အထည် ဖေါ်ခြင်း တို့ဖြင့် ခွဲခြားလုပ်ဆောင်သွားမည်ဟုလည်း ဆိုပါသည်။
မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်၏ ပထမ အဆင့်တွင် မြေမြုပ်မိုင်း အန္တရာယ် ပညာပေးရေး (MRE) အဆင့်၊ ထို့ နောက်တွင် မြေမြှုပ်မိုင်းများ ရှိနိုင်သည့် ဧရိယာ၊ မိုင်းအရေ အတွက် တို့ကို နည်းပညာ အကူအညီ မပါဘဲ အချက် အလက် ကောက်ယူခြင်း (Non-Technical Survey)၊ နည်းပညာ အကူအညီဖြင့် အချက်အလက် ကောက်ယူ၍ မြေပုံ ဖော်ခြင်း (Technical Survey) တို့ကို အဆင့်ဆင့် လုပ်ဆောင် ရမည် ဖြစ်သည်။
ထို့နောက် တွင်မှ မိုင်းရှင်းလင်းရေး လုပ်ငန်း စဉ်ကို စတင် အကောင်အထည် ဖော်ခြင်း (De-mining) ကို အကောင် အထည်ဖော်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်း အခြေအနေသည် ၂၀၁၂ ခုနှစ် နိုင်ငံတကာ မြေမြှုပ်မိုင်း အစီရင် ခံစာအရ မြေမြှုပ်မိုင်း အန္တရာယ် အရှိဆုံး နိုင်ငံများ စာရင်း ထဲတွင် တတိယ အဆင့်တွင် ပါဝင်သည့် နိုင်ငံ တခု အဖြစ် မှတ်တမ်း တင်ထားပါ သည်။
မြန်မာနိုင်ငံသို့ လာရောက် အကူအညီ ပေးနေသည့် NPA အဖွဲ့သည်လည်း ကမ္ဘာပေါ်ရှိ မိုင်းရှင်းလင်းရေး လုပ်ဆောင် နေကြသည့် အဖွဲ့များ ထဲတွင် တတိယ အကြီးဆုံး အဖွဲ့ ဖြစ်ပါသည်။ ၄င်းတို့သည် အာဖရိက၊ အရှေ့ အလယ်ပိုင်း၊ ဥ ရောပ နိုင်ငံများနှင့် အာရှ ဒေသရှိ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံ အပါ၀င် (နိုင်ငံပေါင်း ၂၀) ခန့်တို့၌ မြေမြှုပ်မိုင်း ရှင်းလင်း ရေးနှင့် ပတ်သက်၍ အကူအညီ ပေးနေသည့် အဖွဲ့တခု ဖြစ်ပါသည်။