KIO နှင့် အစိုးရ Technical Team တို့ (၃)ရက်ကြာ ဆွေးနွေးမည်

KIO နှင့် အစိုးရ Technical Team တို့ (၃)ရက်ကြာ ဆွေးနွေးမည်
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ Technical Team အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု ရုံး၌ တွေ့ဆုံဆွေးနွေး နေကြပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်ခွန်ဂျာက ဆိုပါသည်။

KIO-Technical-advisory-team-office

“( ၃ ) ရက်လောက် တွေ့ဆုံ ဆွေးနွေး မယ်လို့ သိထားပါတယ်။ အဓိက ကတော့ နိုင်ငံတော် သမ္မတက ဖော်ဆောင် လိုတဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို KIO ပါဝင်ရေး အတွက် ဆွေးနွေး သွားဖို့ ရှိသလို မြစ်ကြီးနား ဆွေးနွေးပွဲ တုန်းက ရခဲ့တဲ့ နှစ်ဖက် သဘော တူညီချက် (၇) ချက်ကိုလဲ ပြန်လည် ဆွေးနွေး ညှိနှိုင်းဖို့ ရှိတယ်” ဟု ဆိုပါသည်။

KIO နည်းပညာ အထောက်အကူပြု ရုံးကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အစိုးရ ကိုယ်စားလှယ်များ လာရောက် ဖွင့်လှစ်ပေး နိုင်ခဲ့သော်လည်း  နှစ်ဖက် တွေ့ဆုံပွဲကိုမူ ယခုမှ ပထမအကြိမ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

KIO နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဗိုလ်မှူးကြီး ဂေါ်လူလအောင် ဦးဆောင်ပြီး၊ ဗိုလ်မှူး ကြီးဝေါ် ခရုန်းဆင်ဝါး၊ ဗိုလ်မှူးကြီး ခွန်နောင်နှင့် ဆရာဒေါင်ခါးတို့က လက်ခံ ဆွေးနွေး ခဲ့သည်။

အစိုးရ၏ Technical Team အဖွဲ့ကို ဦးလှမောင်ရွှေ ဦးဆောင်ပြီး ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး အပါအဝင် စုစုပေါင်း (၅) ဦးခန့် သွားရောက် တွေ့ဆုံ ခဲ့သည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ၄င်းတို့ ဖော်ဆောင်လိုသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကျင်းပရေးကို KIO နှင့် ပထမ အကြိမ် လာရောက် ညှိနှိုင်းခြင်း ဖြစ်သည်။

KIO နည်းပညာ အထောက်အကူပြု အဖွဲ့ကို ပြီးခဲ့သည့် ဇွန်လ ကုန်ပိုင်းက စုဖွဲ့ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျှော့ချရန် တင်ပြဖွယ် ရှိသည်ဟု လမိုင်ခွန်ဂျာက ဆိုပါသည်။

KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင် ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချ နိုင်ရန် အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ် သဘော (၅) ကြိမ်ခန့်အစိုးရ ကိုယ်စားများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲများသည် ယနေ့ အထိ ရှိနေဆဲပင် ဖြစ်ပါသည်။

KIO သည် လောလောဆယ်တွင် အစိုးရနှင့် အပစ်အခတ် ထားခြင်း မရှိသေးသော်လည်း ၁၉၉၄ ခုနှစ်က အစိုးရ နှင့် ပထမ အကြိမ် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပါသည်။ ယင်းအပစ်အခတ် ရပ်စဲရေးကို အစိုးရ၏ နယ်ခြား စောင့်တပ် လက်ခံရေး ပေါ်လစီကြောင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြပါသည်။