မြစ်ကြီးနား မိဘမဲ့ဂေဟာ ဗုံးပေါက်ကွဲမှုအတွက် အိမ်ရှင်ဦးဒယောင်တန်ဂွန်းကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ်

မြစ်ကြီးနား မိဘမဲ့ဂေဟာ ဗုံးပေါက်ကွဲမှုအတွက် အိမ်ရှင်ဦးဒယောင်တန်ဂွန်းကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ်
by -
မဇ္စျိမ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မိဘမဲ့ ဂေဟာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြင့် လူ ၁၀ ဦးသေဆုံးမှုအတွက် ဖမ်းဆီးခံ ထားရသူ အိမ်ရှင်ဦးဒယောင်တန်ဂွန်းအား ပေါက်ကွဲစေမှုဖြင့် ခရိုင်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ပြီး အမှုတွဲဖြစ်သူ ငါးဦးကို ထောင်ဒဏ်ခြောက်လစီ စက်တင်ဘာ ၁၂ ရက်က ချမှတ်လိုက်သည်ဟု ဦးဒယောင်တန်ဂွန်း၏ သမီးဒေါ်ခေါန်ဂျာက မဇ္စျိမကို ပြောသည်။

အသက် ၅၂ အရွယ် ဦးတန်ဂွန်းကို ခရိုင် တရားသူကြီး ဦးမြင့်ဆန်းက ပေါက်ကွဲစေမှုဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ပြီး သူ၏ဇနီးဒေါ်ဂျာဒိမ်နှင့် အမှုတွဲငါးဦးတို့ကိုမူ သတင်းထိမ်ချန်မှုဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ် လိုက်သော်လည်း ချုပ်ရက်ဖြင့် စက် တင်ဘာ ၁၂ ရက်တွင် လွတ်မြောက်သွားသည်။

၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၃ ရက် ညက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ထား သည့် ဦးတန်ဂွန်း၏ နေအိမ်ဗုံးပေါက်ကွဲခဲ့သဖြင့် အိမ်ရှင် ဖြစ်သူများကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းက တရားလိုအဖြစ် တရားစွဲဆိုခဲ့သော အမှုကို နှစ်နှစ်နှင့် ၁၀ လအကြာတွင် ယင်းကဲ့သို့ပြစ် ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဒယောင်တန်ဂွန်း၏ သမီးဒေါ်ခေါန်ဂျာက “ဒီနေ့ နှစ်နာရီမှာ ခရိုင်တရားရုံးက အဖေ့ကို ခုနစ်နှစ် အမေနဲ့ အမှုတွဲတွေ ကို ခြောက်လချလိုက်တာပါ” ဟု ပြောသည်။

ဦးတန်ဂွန်းကို ပေါက်ကွဲစေသော အရာ ၀တ်္ထုပစ်္စည်း အက်ဥပဒေပုဒ်မ (၆)ဖြင့် တစ် ပေါင်းတည်း ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက် ကာ အမှုတွဲများကို သတင်းထိမ်ချန်မှုဖြင့် သီးခြားချမှတ်လိုက်ပြီး ချုပ်ရက်များနှင့် ယနေ့လွတ်မြောက် သွားပြီ ဖြစ်သည်ဟုလည်း ၎င်းင်းတို့၏ အထက်တန်းရှေ့နေ ဒေါ်နေဝင်းသောင်း ကပြောသည်။

ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် ဦးတန်ဂွန်း၏ သားနှစ်ဦးနှင့်မြေး တစ်ဦးတို့ သေဆုံးခဲ့ သည်။ ယင်းအပြင် ဦးတန်ဂွန်း၏ ဇနီး ဒေါ်ဂျာဒိမ်၏ ခြေထောက် ခြေကျင်းဝတ်ကျိုး သွားခဲ့သေးသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဦးတန်ဂွန်းကို လူသေမှု၊ ပေါက်ကွဲစေမှု၊ မီးလောင်မှုတို့ အပါအဝင် အမှုပေါင်း ခြောက်မှုဖြင့် တရားစွဲ ဆိုခဲ့ပြီး ဇနီးအပါအဝင် သားမက် ဦးသိန်း ထိုက်အောင်၊ ကိုဒေါင်လွန်း၊ ကိုဘောက်လာနှင့် ကိုဘရန်ဂျာကို ပေါက်ကွဲမှု၊ ထိမ်ချန်မှု၊ မီး လောင်မှု အပါအဝင် ငါးမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။အဆိုပါအမှုနှင့်ပတ်သက်၍ ဆက်လက် အယူခံဝင်သွားမည်ဟုလည်း ၎င်း၏ရှေ့နေက ပြောသည်။

မြန်မာနိုုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဒိုင်လူကြီးတစ်ဦးလည်းဖြစ်သည့် ဦးတန်ဂွန်းသည် လွန်ခဲ့သော ငါးနှစ်က ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့တွင် သိုင်းပညာနှင့် ဘင်ခရာသင်တန်း
နည်းပြဆရာ လုပ်ခဲ့သူဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစတင်၍ မိဘမဲ့ကလေးများကို စောင့်ရှောက်ခဲ့ပြီး သူ၏ဘင်ခရာအဖွဲ့သည် မြစ်ကြီးနားမြို့ ပွဲလမ်းသဘင် အခမ်းအနားတိုင်းတွင်
အခကြေးငွေယူကာ တီးခတ်ပေးလေ့ရှိသည်။

အခင်းဖြစ်ပွားသည့်နေ့က အိမ်ရှင်ဦးတန်ဂွန်းသည် စစ်ကိုင်းတိုင်း၊ ကသာမြို့သို့ လွတ်လပ်သော ခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာများနှင့်အတူ
သာသနာပြုခရီးထွက် လျက်ရှိရာမှ ထိုနေ့တွင်ပင်ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး၍ မြစ်ကြီးနားရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။