မြန်မာနိုင်ငံတွင် Eco- Tourism တိုးချဲ့နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကြာသေးခင်ကမှ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ဒုဝန်ကြီး (သစ်) အဖြစ် ရွေးချယ်ခန့်အပ်ခံရသော ဒေါက်တာစိုင်းကျော်အုန်း ကပြောပါသည်။
“ကျနော်တို့မြန်မာနိုင်ငံမှာ ခရီးသွားတွေကို ထပ်မံဆွဲဆောင်ရမယ်။ ရှိပြီးသား လှည့်ပတ်ကြည့်ရှုနေရာ ခရီးသွားနေရာတွေကို အဆင့်မြင့်လာအောင်၊ ခရီးသွားတွေပိုပြီး လာလည်ချင်အောင် ဆွဲဆောင်ဖို့ လုပ်မယ်။ ကျနော်စဉ်းစားထားတဲ့ ပထမဆုံးအချက်ကတော့ နိုင်ငံခြားဧည့်သည်တွေ အရောက်များ တဲ့နေရာတွေမှာ အင်တာနက်လိုင်း ကောင်းကောင်းရအောင် လုပ်ချင်တယ်” ဟု ဟိုတယ်နှင့်ခရီး သွားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းကပြောပါသည်။
သျှမ်းပြည်တွင်း အထင်ကရ အင်းလေးကန်အား ထိန်းသိမ်းပြုစုရေးမှာလည်း အလေးအနက်ထား ပြုလုပ်ရန်၊ ဖားကန့်၊ မိုးကုတ်တို့အထိ ခရီးသွားဧည့်သည်များ လည်ပတ်နိုင်အောင် ကြိုးပမ်းအား ထုတ်ရန် ၊ သျှမ်းပြည်လှပသာ ယာအောင် ၊ သျှမ်းပြည်ထွက်ကုန်များ မြင့်တင်ရန်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းထုတ်ကုန်များလည်း များများထုတ်နိုင်အောင် ကြိုးပမ်းမည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် နိုင်ငံခြားသားများထံမှ ဝင်ငွေမှာ ယခင်နှစ်ထက် ပိုမိုများပြားသည်ကို တွေ့ရကြောင်း ဒေါက်တာစိုင်းကျော်အုန်းကပြောသည်။
“ ဧည့်သည်တွေ အရောက်များရင် ကျနော်တို့ နိုင်ငံသားတွေ သျှမ်းပြည်သားတွေလဲ ဝင်ငွေတိုးမယ်။ လက်ဆောင်ပစ္စည်းတွေသူတို့ဝယ်မယ်။ ကျနော်တို့ ပိုက်ဆံရမယ်။ အဘက်ဘက်က အကျိုးခံစား ရတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေ လာလည်ချင်အောင် ကျနော်တို့ဘက်က ဆွဲဆောင်နိုင်သမျှ ဆွဲဆောင်ရမယ်လေ”
ဟု ဆိုပါသည်။
နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုင်းကျော်အုန်းအား ပြည်ထောင်စုဝန်ကြီး ဟိုတယ် နှင့်ခရီးသွားဝန်ကြီးဌာန ဒု ဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း သမ္မတက စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်သည်။
၎င်းနှင့်ပတ်သက်၍ စိုင်းကျော်အုန်းက “ သူတို့ဘက်က ဆက်သွယ်လာပါတယ်။ ကျနော့်ကို လုပ်ချင် သလား မလုပ်ချင်ဘူးလား၊ ကျနော့်ဘက်ကလည်း ဒါက အရင်ကတည်းက ဒီအလုပ်မျိုးနဲ့ပတ်သက်တာ လုပ်ဖူးခဲ့တာကြောင့် ဝါသနာ လည်းပါတယ်လေ။ ဒါကြောင့် ကျနော်လက်ခံလိုက်တာပါ” ဟု ဆိုပါသည်။
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ဒု ဝန်ကြီး အဖြစ်ရွေးချယ်ခံလိုက်ရပြီဖြစ်သော်လည်း လက်ရှိတာ ဝန်ထမ်းဆောင်နေ သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရာထူးနေရာကိုမူ ထပ်မံကြားဖြတ်ရွေး ကောက်တော့မည်မဟုတ်ကြောင်း ဒု-ဝန်ကြီး ကဆိုပါသည်။
“ ၂၀၁၅ ဆိုတာကလဲ မဝေးတော့ဘူးလေနော်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲတော့ သူတို့ မလုပ်ပေးတော့ဘူးလို့ ပြောပါတယ်။ နောက် အာဆီယံဥက္ကဌလဲ တာဝန်ကျနော်တို့နိုင်ငံ ကျတယ် လေနော်။ ဆီးဂိမ်းလဲရှိသေးတယ်ဆိုတော့ အချိန်က လုနေရတယ်။ ဒါကြောင့် ကျနော်ကဘဲ ဒီတာဝန် ၂ ခုကို တွဲပြီး ကိုင်သွားမှာပါ ” ဟု ဆိုပါသည်။
၎င်းနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွား ဒု ဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက သျှမ်းပြည် ကိုအတတ် နိုင်ဆုံးသာယာလှပအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ယမန်နှစ်က တောင်ကြီးမြို့သည် အသန့်ရှင်း ဆုံး မြို့တော်အဖြစ်သတ်မှတ်ခံရသကဲ့သို့ ဆက်လက်၍ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ သျှမ်းရိုးရာ ယဉ်ကျေးမှုကို မြင့်တင်ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း၊ လူထုတရပ်လုံးမှလည်း ပါဝင်လက်တွဲကြရန် တိုက်တွန်းလိုကြောင်း ဒေါက်တာစိုင်းကျော်အုန်းက ပြောဆိုလိုက်ပါသည်။
ဒေါက်တာစိုင်းကျော်အုန်း အသက် ၆၃ နှစ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင် ၁၉၅ ခုနှစ်က မွေးဖွားပါသည်။ ရန်ကုန်တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်မှ B.V.Sc (Rgn) ဘွဲ့ရရှိခဲ့ပါသည်။ ‘တိုင်း’ ဧည့်ကြိုကုမ္မဏီလီမီတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပါသည်။ ဇနီးမှာ နန်းမီးသန်းဖြစ်ပြီး သမီး ၂ ဦးရှိပါသည်။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါသည်။