အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှ ကရင်နီလူမျိုးများသည် ကရင်နီ ရိုးရာပွဲတော် ဖြစ်သော အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို စက်တင်ဘာလ ရ ရက်နေ့က Buffalo မြို့တွင် ကျင်းပခဲ့ကြသည်။
နယူးယောက်ပြည်နယ် Buffalo, Rochester, Syracuse နှင့် Albany မြို့များတွင် နေထိုင်သည့် ကရင်နီလူမျိုး များသည် ပထမဆုံးအကြိမ် စုပေါင်း ဒီးကူပွဲတော်အဖြစ် Buffalo မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်ကြီးပြင်းကြသော ကရင်နီလူငယ်များသည် မိမိတို့ ရိုးရာယဉ်ကျေးမှု၊ စာပေနှင့် သမိုင်းများကို မေ့ပျောက်မသွားစေဖို့ ဒီးကူပွဲ အခမ်းအနား မိန်းခွန်းတွင် Buffalo မြို့မှ ကရင်နီ အဖွဲ့အစည်း ကော်မီတီဝင် Angelo က ပြောသွားခဲ့ပါသည်။
“ဒီမှာ လာပြီး ကြီးတဲ့ ကရင်နီလူမျိုးတွေ ဒီးကူပွဲကို မမေ့ကြပါနဲ့။ ဒီးကူပွဲ ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတာကို ကျနော်တို့ လေ့လာရမယ်။ နောက်ပြီး စာပေနဲ့ သမိုင်းကိုလည်း ခင်ဗျားတို့ မမေ့ကြပါနဲ့” ဟု သူက လေးနက်စွာ ပြောကြားသွားသည်။
''ကရင်နီလူမျိုးတွေက မိမိရောက်လေရာ အရပ်မှာ ဒီးကူပွဲ ကျင်းပတာဟာ မိမိလူမျိုးတွေကို စုစည်းညီညွတ်ဖို့နဲ့ အပြန်အလှန် သိရှိကြဖို့ တဖက်တလှမ်း တွန်းအားပေးစေတယ်'' ဟု ဒီးကူပွဲ အခမ်းအနားသို့ တက်ရောက်လာသော Buffalo မြို့မှ ကရင်နီအဖွဲ့အစည်း ကော်မီတီဝင် စောတာဖွီး ကလည်း ပြောသည်။
သူကဘဲ “အမေရိကန်မှာ လာနေတဲ့ ကျနော်တို့ သားသမီးတွေဟာ ကြာလာရင် ဒီးကူပွဲကို မေ့သွားကြနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ ဒီလိုဒီးကူပွဲ လုပ်နိုင်မယ်ဆိုရင် တချို့လူတွေက မေ့သွားနိုင်ပေမဲ့လည်း တချို့လူတွေက သူ့မိဘတွေကို ပြန်မေးကြပါလိမ့်မယ်၊ ဘာကြောင့် ဒီးကူပွဲ လုပ်ရသလဲပေါ့။ ကျနော်တို့ ဘယ်မှာပဲရောက်ရောက် ဒီးကူပွဲကို မေ့လို့ မဖြစ်ဘူး။ ကျနော်တို့ ခေတ်ဖြစ်စေ၊ ကျနော်တို့ သားသမီးခေတ်ကြရင်ဖြစ်စေ ဒီးကူပွဲကို လုပ်ရမယ်” ဟု သူ ့ ရင်တွင်းစကားကို ပြောသည်။
ရိုးရာ ဒီးကူပွဲ ကျင်းပခြင်းဖြင့် ကရင်နီလူမျိုးများကို ပေါ်လွင်စေကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် Rochester မြို့မှ ကရင်နီလူငယ် အဖွဲ့ခေါင်းဆောင် စေရယ်က ပြောပါသည်။
“ကျနော်တို့ ကရင်နီလူမျိုးတွေဟာ ဘာကြောင့် ဒီးကူပွဲကို လုပ်ရသလဲ၊ ဘာကြောင့် ကရင်နီ ရိုးရာ ၀တ်စုံတွေကို ၀တ်ရသလဲ အဲဒါတွေကို ပေါ်စေတယ်။ ဒါကြောင့် အကယ်၍ ကျနော်တို့ ဒီးကူပွဲ မလုပ်ဘူးဆိုရင် တနေ့ကျရင် ကျနော်တို့ဟာ ကရင်နီလူမျိုးတွေပါလို့ ကိုယ့်ကိုယ်ကို မသိတော့ဘူး” ဟု သူက ပြောသည်။
ယခု ကျင်းပသည့် ဒီးကူပွဲအတွင်းတွင် ကရင်နီ ရိုးရာဆိုင်ရာ အဝတ်အစားများ ၀တ်ဆင်ခြင်း၊ အကပဒေသာများ တင်ဆက်ကပြခြင်း၊ ရိုးရာသီချင်းများ သီဆိုခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းနှင့် အားကစားများ ပြိုင်ဆိုင်ခြင်း စသည်ဖြင့် ပျော်ပွဲရွှင်ပွဲများလည်း ပြုလုပ်ခဲ့ပါသည်။
ယင်းဒီးကူပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံခြားသားများ အပါအဝင် ကရင်နီ လူဦးရေ ၂၀၀ ကျော် ရှိပသည်။
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှ ကရင်နီလူမျိုးများအပြင် အခြားပြည်နယ်မှ ကရင်နီလူမျိုးများကလည်း ဒီးကူပွဲကို ကျင်းပကြကြောင်း သိရသည်။