ထိုးစစ်ဆင်လာသော အစိုးရတပ်ဖွဲ့အား TNLA မှ အနီးကပ်တိုက်ခိုက်

ထိုးစစ်ဆင်လာသော အစိုးရတပ်ဖွဲ့အား TNLA မှ အနီးကပ်တိုက်ခိုက်
by -
ရွှေဟင်္သာ

ကွတ်ခိုင်မြို့နယ် နမ်ဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ နမ့်ဟွန်းချောင်း အနီးသို့  ထိုးစစ်ဆင် လာသော အစိုးရ ခလရ (၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ ယနေ့ နေ့လည် ၂ နာရီခန့်မှ ၃ နာရီခွဲ အထိ ပြင်းထန်စွာ အနီးကပ် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ သူတို့ ချောင်းကူးလာတယ် ။ ချောင်းတဘက် ကမ်းမှာလည်း ကျနော်တို့ မိုင်းထောင် ထားတယ်။ ရှေ့ဆုံးပွိုင့်က မိုင်းထိတာနဲ့ ကျန်တဲ့ တပ်ဖွဲ့ တချို့က ချောင်းထဲမှာလေ၊ ဒီတော့ အပြင်းအထန်ကို ကျနော်တို့ တိုက်လိုက် ပါတယ်။ ချောင်းထဲမှာ အတုန်းအရုံး ထိတာပါဘဲ ” ဟုဆိုပါသည်။

ဤတိုက်ပွဲတွင် အစိုးရဖက်မှ အနည်းဆုံး (၁၀) ဦး ထက်မနဲ ကျပြီး (၂၀) ကျော် ပြင်းထန်စွာ ဒါဏ်ရာရခဲ့သည်ဟု TNLA က ဆိုပါသည်။ အင်အား (၁၀၀) ခန့်ရှိသည့် အစိုးရ တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် လှုပ်ရှားနေသော TNLA တပ်ရင်း (၁၁၂) အား လိုက်လံ စစ်ဆင် နေသည့် အတွက် တိုက်ခိုက် လိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်း (၁၁၂) မှူး ဗိုလ်ကြီး တာခွန်ဆာက ဆိုပါသည်။

TNLA တပ်ရင်း ၁၁၂ သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါး ရောင်းဝယ် နေသည့် လော့ခူန် ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်း ခဲ့ပြီး လက်နက်များ ဖြုတ်သိမ်း ခဲ့သည်ဟု တာခွန်ဆာက ဆိုပါသည်။

ထို့အတွက်ကြောင့် ခလရ ၄၅ နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းက အပြင်းအထန် ထိုးစစ်ဆင် ခဲ့ခြင်း ဖြစ်ကြောင်း တာခွန်ဆာက ဆိုသည်။ တိုက်ပွဲကြောင့် ထိခိုက် ဒါဏ်ရာ ရရှိသူများ သဖြင့် လူနာများ သယ်ဆောင်ရန်  တိုက်ပွဲဖြစ်ပွါးခဲ့သည့်နေရာတွင်သာ မြန်မာစစ်တပ်က နေရာ ယူထားဆဲ ဖြစ်ကြောင်း ရှေ့တန်းတပ်မှသတင်း ပေးပို့ချက် အရသိရသည်ဟု တာခွန်ဆာက ဆိုပါသည်။

ဤအခြေ အနေကြောင့် နောက်ထပ် တိုက်ပွဲများ ဖြစ်ပွား လာစရာ ရှိနေသဖြင့် TNLA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အလားအလာမှာ မသေချာ သေးကြောင်း အထွေအထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။

TNLA သည် အပစ်အခတ် ရပ်စဲရန် ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ သြဂုတ် လဆန်းတွင် ထပ်မံ တွေ့ဆုံရန် မူလက စီစဉ် ထားသော်လည်း အစိုးရမှ ယုံကြည်မှု မတည်ဆောက် နိုင်သဖြင့် ယနေ့ တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း TNLA က ဆိုပါသည်။