သမ္မတဦးသိန်းစိန်အစိုးရ၏ ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ရန် အလှမ်းဝေးနေဆဲဟု သုတေသနအဖွဲ့ဆို

သမ္မတဦးသိန်းစိန်အစိုးရ၏ ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ရန် အလှမ်းဝေးနေဆဲဟု သုတေသနအဖွဲ့ဆို
by -
မဇ္စျိမ

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ဗဟိုဦးစီးချုပ်ကိုင်မှုကိုလျော့ချရန် အရေးပါသော်လည်း ထိုအရေးကို အကောင် အထည်ဖော်ရန် အလှမ်းဝေးနေဆဲဟု မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း (MDRI) မှ သုတေသန ပညာရှင်များက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုအစီရင်ခံစာတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ အုပ်ချုပ်ရေးအပိုင်းတွင် ၀န်ကြီးများအား ဗဟိုချုပ်ကိုင်မှုဖြင့် ခန့်ထားသောကြောင့် ထို၀န်ကြီးများတွင် အာဏာမရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ဘဏ္ဍာငွေ ပမာဏခွဲဝေမှု နည်းပါးနေမှုများကြောင့် ဗဟိုစနစ်ဖြေလျှော့ရန် အလှမ်းကွာဝေး နေကြောင်း သုတေသနစာတမ်းက ဆိုထားသည်။

ထို့ပြင် “အုပ်ချုပ်ရေးတာဝန်ပိုင်း၏ အမှန်တကယ် လက်လှမ်းမီရောက်ရှိနိုင်မှု”၊ “ရောထွေးနေသည့် အုပ်ချုပ်ရေး မဏ္ဍိုင် ဖွဲ့စည်းတည်ဆောက်မှု”၊ “ဘဏ္ဍာငွေပမာဏ နည်းလှပြီး ဗဟိုထိန်းချုပ်မှုရှိနေသည့် ဘတ်ဂျက်ရေးဆွဲမှု”၊ “စွမ်းဆောင်ရည်နှင့် လူသားအရင်းအမြစ်များမရှိမှု” စသည့် အချက်များကြောင့် မြန်မာနိုင်ငံသည် ဗဟိုဦးစီးစနစ် ဖြေလျှော့ရေးပန်းတိုင်နှင့် အလှမ်းကွာဝေးနေ သေးခြင်းဖြစ်သည်ဟုလည်း ရေးသားထားသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် အရေးပါသော ထောက်တိုင်များတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဟူ၍ ကဏ္ဍသုံးခုရှိသည့်အနက် နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှုများ  မြန်ဆန်စွာတွေ့ရသော် လည်း အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများ တွင် အားနည်းနေသေးသည်ဟု ထိုစာတမ်း ကိုပြုစုထုတ်ဝေခဲ့သည့် MDRI မှသုတေသန ပညာရှင် ဒေါ်စင်ဒီဂျိုးလင်းက ပြောသည်။

“တစ်ခုတည်း ပြောင်းလဲနေရင် ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေ၊ မကျေနပ်ချက်တွေ ပိုများလာမယ်” ဟုဒေါ်စင်ဒီဂျိုးလင်းက သုံးသပ်သည်။

သမ္မတက သြဂုတ် ၁ ရက်တွင် ရေဒီယိုမှပြောခဲ့သည့် မိန့်ခွန်းတွင်လည်း တိုင်းနှင့်ပြည်နယ်အစိုးရများကို ပိုမို လုပ်ပိုင်ခွင့်ပေးပြီး ဗဟိုဦးစီးစနစ်ကို ဖြေလျှော့ဖို့လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် လက်ရှိတွင်
ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များသည် လွတ်လပ်စွာလုပ်ကိုင်နိုင်ခွင့်မရှိသေးကြောင်း တိုင်းဝန်ကြီးအချို့နှင့် လွှတ်တော် အမတ်များကလည်း ဝေဖန်နေကြသည်။

ရှမ်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက လက်ရှိ အခြေခံ ဥပဒေသည် ဗဟိုချုပ်ကိုင်မှု များလွန်းနေပြီး တိုင်းနှင့်ပြည်နယ် အစိုးရများ၏ အသုံးစရိတ်ဘက်ဂျက်သည် လွတ်လပ်မှုမရှိ သလို၊ ပြည်ထောင်စု အစိုးရက နိုင်ငံ့အသုံးစရိတ်၏ ထက်ဝက်ကိုသုံးပြီး ကျန်ထက်ဝက်ကို တိုင်းနှင့်ပြည်နယ်အစိုးရများကို ခွဲဝေပေးစေ လိုကြောင်း သြဂုတ် ၁ ရက်က တောင်ကြီးမြို့ ကျားဖြူပါတီရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“အန်ကယ်တို့ လိုချင်တာ အာဏာခွဲဝေရေး၊ အရင်းအမြစ်ခွဲဝေရေး၊ တာဝန်ခွဲဝေရေး” ဟု ၎င်းက ဆိုသည်။

သုတေသနပညာရှင် ဒေါ်စင်ဒီဂျိုးလင်းကလည်း “အရင်တုန်းက ဗဟိုချုပ်ကိုင်မှု စနစ်တွေ ကျင့်သုံးခဲ့တဲ့အတွက် ကြောင့် ဗဟိုဦးစီးမှုစနစ်ကိုဖြေလျှော့တဲ့ အခါမှာ၊ ပြည်သူဗဟိုပြုတဲ့ပုံစံမျိုးကို ပြောင်းလဲရတဲ့အတွက်၊ စနစ်ကို ပြောင်းပြန်ပြောင်းလိုက်ရတဲ့သဘောမျိုးဖြစ်တဲ့ အတွက်ကြောင့် အခက်အခဲတွေကြံုတွေ့နေရပြီး ဗဟိုဦးစီမှု အားပိုသာ နေတယ်လို့ ပြောလို့ရပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံတွင် သယံဇာတများကို တူးဖော်အသုံးပြုရာ၌လည်းကောင်း၊ မဟာစီမံကိန်းများပြုလုပ်ရာ၌ လည်းကောင်း ဒေသအစိုးရ၊ ဒေသခံလူထုတို့နှင့် သဘောတူညီမှု ကောင်းစွာမရှိသဖြင့် ကန့်ကွက်မှုများလည်း ရှိနေသည်။

ရခိုင်တိုင်းရင်းသား အမတ်များကဆိုလျှင် “သယံဇာတ အကျိုးခံစားခွင့်ဥပဒေကြမ်း” ကို လွှတ်တော်တွင် တင်သွင်းရန် ကြိုးပမ်းနေသလို၊ ရခိုင်ပါတီတစ်ခု ဦးဆောင်၍ သယံဇာတ အကျိုးခံစားခွင့်ရရှိရေးလူထုဆန္ဒပြု လက်မှတ်များကောက်ခံနေသည်။

ထို့ပြင် မြန်မာနိုင်ငံစီးပွားရေး အချက်အချာဒေသဖြစ်သည့် ရန်ကုန်တိုင်း၏ အစိုးရဆိုလျှင် အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ခြောက်လခန့်ကြမှသာ ဗဟိုအစိုးရကချထားပေးသည့် အသုံးစရိတ်များကို စတင်ရရှိခဲ့သည်။

MDRI အဖွဲ့သည် မြန်မာအစိုးရ အသိ အမှတ်ပြု သုတေသနအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့တွင် သမ္မတ၏ အကြံပေး ပုဂ်္ဂိုလ်များလည်း ပါ၀င်သလို၊ ပညာရှင်အများအပြားဖြင့် စုဝေးဖွဲ့စည်းထားသည်။ ထို့ပြင် သုတေသနအဖွဲ့၏ ရုံးခန်းကိုပင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရုံး၌ ဖွင့်လှစ်ထားသည်။

Most read this week