ရှစ်လအတွင်း မီးလောင်ကြောင့် တစ်နိုင်ငံလုံး၌ ကျပ်သန်း ၃၂၀၀ ကျော် ဆုံးရှုံး

ရှစ်လအတွင်း မီးလောင်ကြောင့် တစ်နိုင်ငံလုံး၌ ကျပ်သန်း ၃၂၀၀ ကျော် ဆုံးရှုံး
by -
မဇ္စျိမ

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံတွင် မီးလောင်မှုအကြိမ်ပေါင်း ၁၂၇၀ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၃၂၀၀ ကျော် ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာန၏ စာရင်းများအရသိရသည်။

မီးသတ်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “ပေါ့ဆမီးကြောင့် မီးလောင်မှု အများဆုံးဖြစ်တယ်။ မနှစ်က ထက်တော့ ဆုံးရှုံးမှုတန်ဖိုးတွေ လျော့ကျလာပါတယ်” ဟု ပြောသည်။

ယခင်နှစ် ၂၀၁၂ ကမူ ဇန်နဝါရီလမှ  သြဂုတ်လအထိ ရှစ်လအတွင်း မီးလောင်မှု ၈၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာကျပ် သန်းပေါင်း ၆၉၀၀ ကျော်ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှဆိုသည်။

ယခုလနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု အမျိုးအစားများ မှာ မီးဖိုမီး ၃၁၉ ကြိမ်၊ ပေါ့ဆမီး ၄၂၄ ကြိမ်၊ အလို အလျောက်မီး ၃၂ ကြိမ်၊ လျှပ်စစ်မီး ၂၁၂ ကြိမ်၊ ရှို့မီး ၁၇၀ ကြိမ်၊ တောမီး ၁၁၁ ကြိမ်နှင့် မိုးကြိုးပစ်ချမှုကြောင့် နှစ်ကြိမ်မီးလောင်မှုဖြစ်ခဲ့ရသည်။ မီး လောင်ကျွမ်းမှုကြောင့် အိမ် ၄,၂၄၈ လုံး၊ စက်ရုံ ၁၀ ရုံ၊ ဂိုဒေါင် ၄၃ လုံး၊ သေဆုံးသူ ၅၁ ဦး၊ ဒဏ်ရာရှိသူ ၁၁၀ ဦးနှင့် တိရစ္ဆာန် ၂,၅၃၂ သေဆုံး ခဲ့ရသည်။

မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးများမှာ ဇူလိုင်လတွင် ရ၀ ကြိမ် ကျပ် ၅၉ သန်းကျော်နှင့် သြဂုတ်လတွင် ၆၁ ကြိမ် ကျပ်သန်းပေါင်း ၉၈ သန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှသိရသည်။

ထိုသို့ မီးလောင်ကျွမ်းမှုများသည် သြဂုတ်လထဲ၌ မန္တလေးတိုင်းတွင် အများဆုံးဖြစ်သည်။ ဒုတိယမှာအများဆုံးမှာ ရန်ကုန်ဖြစ်ပြီး၊ တတိယမှာ စစ်ကိုင်းတိုင်းဖြစ်ကြောင်းလည်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

Most read this week