မဒေးကျွန်း မိုးလေဝသရွာသားတို့ အလုပ်လက်မဲ့ ဖြစ်ကြပြီ

မဒေးကျွန်း မိုးလေဝသရွာသားတို့ အလုပ်လက်မဲ့ ဖြစ်ကြပြီ
by -
နိရဥ္စရာ

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊  မိုးလေဝသရွာရှိ ရွှေ့ပြောင်း အလုပ်သမားများမှာ ယခုအခါ အလုပ် လက်မဲ့ ဖြစ်ကာ အခက်အခဲ ကြံုနေကြရသည်ဟု သတင်း ရရှိသည်။

 “ တရုတ်ကုမ္ပဏီမှာ ပစ္စည်းထမ်းသူ၊ သန်းရှင်းရေးလုပ်သူ၊ ပန်းရံအလုပ်ကြမ်းသမား လုပ်သူတွေက အစတုန်းကတော့ အဆင် ပြေကြပါတယ်။ အခုတော့ တရုတ်ကုမ္ပဏီက သူတို့တရုတ်တွေကို ခေါ်ယူပြီး ခိုင်းနေတော့ ရခိုင်ပြည်အနှံ့က ပြောင်းရွေ့ လာရောက် လုပ်ကိုင်နေကြတဲ့ ကျွန်တော်တို့ တထွေမှာ  အလုပ် လက်မဲ့ ဖြစ်ကုန်ကြပါတယ်” ဟု မိုးလေဝသရွာမှ အလုပ်သမားတဦးက  နိရဥ္စရာသို့ ပြော သည်။

Madae-Island-day-laborers

မဒေးကျွန်းတွင် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်ဘက်မှ လာရောက် အလုပ် လုပ်ကိုင်နေကြသူများ စုပေါင်းနေထိုင်သော အိမ်ခြေ (၁၂၀) ရှိ ရွာတစ်ရွာ ရှိပြီး အဆိုပါရွာတွင် သတင်းမျိုးစုံ ဖြစ်ပေါ်လေ့ရှိသဖြင့် ဒေသခံများက  မိုးလေဝသရွာဟု အမည်မှည့်ထားသည်ဟု သိရသည်။

၎င်းကျေးရွာရှိ ရွှေ့ပြောင်း အလုပ်သမားများကို  တရုတ်ကုမ္ပဏီမှ အလုပ်မခန့်၍ အခက်အခဲ  ကြံုနေရချိန်တွင်  စီမံကိန်း နေရာ ပတ်ဝန်းကျင်တဝိုက်ရှိ မြေကွက်များငှားပြီး တပိုင်တနိုင် ဆိုင်ခန်းများ ဖွင့်လှစ် လုပ်ကိုင် စားသောက်ခဲ့ပါသည်။ ၄င်းတို့ထံမှ  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျ ရဲများ  မတရားအခွန် ကောက်ခံနေကြသဖြင့် ထပ်မံ အခက်ကြံုနေရသည်ဟု ဆိုသည်။

“ တချို့ဆိုရင် မြေကွက်တွေ ငှားရမ်းပြီး ဆိုင်ရောင်းနေကြပါတယ်။ ကျေးရွာ အုပ်ချုပ်ရေး မှူးနဲ့ ရဲသားတွေက တပိုင်တနိုင် ဆိုင်ရောင်းစားတဲ့ သူတွေဆီက ဆိုင်တဆိုင်ကို ကျပ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ ထိ ကောက်ခံယူ နေကြပါ တယ်။ ကျေးရွာသားတွေမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အပြင် ဆိုင်ရောင်းတဲ့ သူတွေမှာလဲ ရဲတွေကို ပေးနေကြရတဲ့ အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြရပါတယ်” ဟု သူကပြောသည်။

တချို့ကျေးရွာသားများမှာ တရုတ်ကုမ္ပဏီမှ လစာ မရသည့် အပြင် အလုပ်မှပါ အထုတ်ခံရသည်ဟုလည်း အလုပ်သမား တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့က စက်မောင်းပါတယ်။ အခုု လစာမရတာ ၃ လရှိပါပြီ။ နောက်ပြီးတော့ ကျွန်တော်တို့ စက် မောင်းသမားတွေနေရာမှာ သူတို့တရုတ်တွေကို အစားထိုးလိုက်တော့ လုပ်အားခ လစာလည်း မရတဲ့အပြင် အခု အလုပ်ပါ အဖြုတ်ခံရပါတယ်” ဟု ၎င်းကဆိုသည်။

ယခုအခါ မဒေးကျွန်းတွင် တရုတ်ကုမ္ပဏီများက ဘီယာဆိုင်ကြီးများ ဖွင့်လှစ် ရောင်းချ နေသော်လည်း ကျေးရွာများတွင် တပိုင်တနိုင် အရက်ရောင်းချပြီး ဘဝ ၀မ်းကျောင်း နေသူများကိုမူ အရက် မရောင်းရဟု အမိ်န့်ထုတ်ကာ တားမြစ်ထားသည်ဟု အရက်ရောင်းသူ တစ်ဦးက ပြောသည်။

“ သူတို့ကျတော့  ဘီယာဆိုင်ကြီးတွေ ဖွင့်ပြီး ရောင်းစားနေကြပါတယ်။ ကျွန်တော်တို့ဒေသခံတွေ အရက်ရောင်းတော့ သူတို့မှာ ငှားထားတဲ့ ရဲသားတွေက ဖမ်းဆီးပါတယ်။ အရက်ဖမ်းမိရင် အရက်ကိုလည်း သိမ်းယူတယ်။ ရောင်းတဲ့သူကိုလဲ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက် ငွေတောင်း ပါတယ်” ဟု ၎င်းက ဆိုသည်။

မဒေးကျွန်းတွင် တာဝန်ကျရဲသားများမှာ အစိုးရထံမှလစာရသည့်အပြင် တရုတ်ကုမ္ပဏီမှလည်း တစ်လလျှင် ကျပ်ငွေ တစ်သိန်းမှ တစ်သိန်းခွဲထိ  အထောက်အပံ့ ရရှိကြသည်ဟု သိရသည်။

မဒေးကျွန်းတွင်  လုပ်ကိုင်နေကြသော ကုမ္ပဏီများနှင့် သက်ဆိုင်ရာအထက်အာဏာပိုင်များက မဒေးကျွန်းစီမံ ကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရမည်ဟု ပြောဆိုနေချိန်တွင်
တရုတ်ကုမ္ပဏီများ က ယခင်ဒေသခံ အလုပ်သမားများနေရာတွင် တရုတ်လူမျိုး အလုပ်သမားများကို အစားထိုး လုပ်ကိုင်စေသဖြင့် ဒေသခံများမှာ အလုပ်လက်မဲ့ဖြစ်နေကြရသည့် အတွက် သက်ဆိုင်ရာ
အစိုးရ တာဝန် ရှိသူများမှ အမြန်ဆုံး ကြားဝင် ဆောင်ရွက်ပေးရန် လိုလားနေကြသည်ဟု သိရသည်။

Most read this week