စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ ငြိမ်းချမ်ရေး နေ့၌ မြန်မာ အမျိုးသမီး ဖိုရမ် အခမ်းအနား တစ်ရပ်ကို ပြည်တွင်းတွင် ကျင်းပ နိုင်ရေး အတွက် စက်တင်ဘာ (၉) ရက်နေ့က
ဝန်ကြီး ဦးအောင်မင်းနှင့် သွားရောက် တွေ့ဆုံကာ တင်ပြ ခဲ့ကြောင်း မြန်မာ နိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် (WLB) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။
“အဲဒီ အခမ်း အနားကို ပြည်တွင်းမှာ ကျင်းပဖို့ မနေ့က ဦးအောင်မင်းနဲ့ သွားတွေ့ဆုံ ဆွေးနွေး ခဲ့တယ်။ ဒီ နယ်စပ်မှာ ရှိတဲ့ အမျိုးသမီး အယောက် ၅၀ အတွက် ဗီဇာ ရဖို့ရယ်၊ လုံခြုံရေး အတွက်ရယ် သွားဆွေးနွေး ဖြစ်ခဲ့တယ်” ဟု ဆိုသည်။
ယမန်နေ့ နံနက် ၉ နာရီတွင် ဝန်ကြီး ဦးအောင်မင်အား ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ WLB မှ အတွင်းရေးမှူး ဒေါ်တင်တင်ညို၊ အတွင်းရေးမှူး နော်ဝါခူရှီး၊ အကြံပေး အဖွဲ့ အဖြစ် မိဆူးပွင့်နှင့် ခိုင်မြရာဇာလင်း တို့က သွားရောက် တွေ့ဆုံ ခဲ့ကြသည်။
၄င်းကြိုးပမ်း မှုသည် WLB အနေဖြင့် ပြည်တွင်း၌ ပထမဆုံး အကြိမ် အမျိုးသမီး အဖွဲ့များ တွေ့ဆုံ ဆွေးနွေး နိုင်ရန်စီစဉ် နေခြင်းလည်း ဖြစ်ပြီး ပြည်တွင်းရှိ အမျိုးသမီး အဖွဲ့ အစည်း များနှင့် ချိတ်ဆက်ကာ ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။
ဖွံ့ဖြိုး တိုးတက်မှု ရှိသည့် မြန်မာ့ လူဘောင် အတိုင်းအဝိုင်း သစ်ကို ဝိုင်းဝန်း တည်ဆောက် သွားရန်၊ အမျိုးသမီး စုစည်းမှု အင်အားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ပဋိပက္ခ ချုပ်ငြိမ်းရေး အမျိုးသမီး ကဏ္ဍမှ ဝိုင်းဝန်း တွန်းအားပေး သွားရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။
ယင်း အခမ်းအနားသည် မြန်မာ နိုင်ငံ ပြည်တွင်း၌ ရှိသည့် အမျိုးသမီး အဖွဲ့ များ၊ နယ်စပ်မှ အမျိုးသမီး အဖွဲ့များ၊ အဖွဲ့ အစည်း အသီးသီး (နိုင်ငံရေး၊ လူမှုရေး၊ လူငယ်) တွင် ပါဝင် နေသည့် အမျိုး သမီးများ၊ တသီး ပုဂ္ဂလ အမျိုးသမီးများ၊ နိုင်ငံရေး တက်ကြွှသူ အမျိုး သမီးများ အယောက် ၂၀၀ မှ ၃၀၀ ဦးခန့်အား ဖိတ်ကြား သွားရန် ရှိသည်။
ပြည်တွင်း၊ ပြည်ပရှိ မြန်မာ အမျိုးသမီး များတို့၏ စုစည်းရာ မှတ်ကျောက်တစ်ခု အဖြစ် ဦးတည် ကျင်းပသည့် အခမ်းအနား ဖြစ်ပြီး အမျိုးသမီးထု အတွက် တူညီသော အမြင်များကို စုဆည်း နိုင်ရန်၊ တိုက်တွန်း ထုတ်ပြန် မှုများ လိုအပ် သလိုထုတ်ပြန် သွားရန်လည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဒေါ်တင်တင်ညို က ပြောသည်။
WLB မှ အကူအညီ တောင်းခံ ထားသည့် ဗီဇာ ရရှိရေး ကိစ္စနှင့် လုံခြံုရေး ဆိုင်ရာ ကိစ္စ များကိုလည်း ဝန်ကြီး ဦးအောင်မင်းမှ တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု
အကြံပေး အဖွဲ့ဝင် အဖြစ် သွားရောက် တွေ့ဆုံ ခဲ့သည့် မိဆူးပွင့်က ပြောသည်။
ထိုကဲ့သို့ အမျိုးသမီး ဖိုရမ် အခမ်းအနား တစ်ခု ဖြစ်မြောက်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စတင် ဆွေးနွေး ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လတွင် တကြိမ် ထပ်မံ ဆွေးနွေး ခဲ့သည်။
အမျိုး သမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) သည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က နယ်စပ်ရှိ အမျိုးသမီး အဖွဲ့ပေါင်း (၁၂) ဖွဲ့ဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသမီးများ အဖွဲ့ပေါင်း (၁၃) ဖွဲ့ ဖြစ် စုစည်း ဖွဲ့စည်း နိုင်ခဲ့သည်။