ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် တပြည်လုံးအတိုင်း အတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို တက်ရောက်ရန် အဓိက ဆုံးဖြတ် သင့်ကြောင်း သို့မဟုတ် ပါက
ရှေ့ဆက် ဆွေးနွေးရန် အကြောင်း မရှိတော့ကြောင်း ယမန်နေ့ တွေ့ဆုံ ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့သည်ဟု ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်မှ ဆိုပါသည်။
“အရင်ကငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီရဲ့ မူ ၂ ဆင့်ကို မပြော နဲ့တော့၊အခု အချိန်က စပြီး မူသစ် နဲ့ဘဲ ရှေ့ဆက် တော့မယ်တဲ့။ ပထမ အချက် ဖြစ်တဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကိုအရင် မလုပ်ဘဲ နဲ့တော့ နောက်ဆက်တွဲ အချက်တွေကို ဆက်မလုပ်တော့ဘူးလို့ ဦးအောင်မင်းက ပြောလိုက်တယ်” ဟု ဆိုပါသည်။
၀န်ကြီး ဦးအောင်မင်း၏ မူသစ်မှာ အချက် (၄) ချက် ရှိပါသည်။ (၁) တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက် လက်မှတ်ထိုးရန်၊ (၂) လက်မှတ် ထိုးပွဲ၏ ရလာဒ် အဖြစ် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကြေညာ သွားရန်၊ (၃) နိုင်ငံရေး ဆွေးနွေးပွဲ အတွက် နှစ်ဖက် မူဘောင်များ ညှိနှိုင်း သွားရန် နှင့် (၄) နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် တို့ဖြစ် သည်ဟု ဆိုပါသည်။
ALP ကိုယ်စားလှယ် များကမူ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန်၊ တပ်နေရာ ချထားရေး၊ ဆက်ဆံ ရေးရုံး ဖွင့်လှစ်ရေး၊ ဒေသ ဖွံ့ဖြိုးရေး နှင့် စီးပွားရေး လုပ်ခွင့်များ ပေးရန် တင်ပြ ခဲ့သည်ဟုဆိုပါသည်။
ရခိုင် ပြည်နယ်၌ ဖြစ်ပွား နေသည့်ပဋိပက္ခ အခြေအနေ များကို အကြောင်းပြပြီး ALP ၏ တင်ပြချက်များသည် လောလောဆယ်တွင် အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း အစိုးရကိုယ်စားလှယ်များက ငြင်းဆို ခဲ့သည်ဟု ပြောပါသည်။
အထူးသဖြင့် ALP က တင်ပြသော ရခိုင်ပြည်နယ်၌ ALP တပ်များနေရာ ချထားပေးရေး၊ ဆက်ဆံရေး ရုံးများ ထပ်မံ ဖွင့်လှစ် နိုင်ရေးနှင့် ပါတီ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ခွင့်ပြု ပေး ရေးတို့ကို ငြင်းဆို သွားခဲ့သည်ဟုဆိုပါသည်။
ALP ကိုယ်စားလှယ်များနှင့် ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့သည် ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ အလွတ် သဘော တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်ပါသည်။
ယင်းဆွေးနွေးပွဲသို့ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး ဗဟို အလုပ် အမှုဆောင်စောမြ ရာဇာလင်းနှင့် ခိုင်ရဲလင်း တို့ တက်ရောက် ခဲ့ကြပါသည်။
အစိုးရ ကိုယ်စားများမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ဆွေးနွေးခဲ့ကြသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ပြီး လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ဦးတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးညိုအုန်းမြင့် တို့တက်ရောက် ခဲ့ကြပါသည်။
ALP သည် ကျောက်တော်မြို့ တနေရာ ထဲသာ ဆက်ဆံရေး ရုံးရှိပြီး ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာလ (၃) ရက်နေ့က ဖွင့်လှစ် ခဲ့ပါသည်။ ထို့အပြင် စစ်တွေ၊ မောင်တော၊ ပလက်ဝ၊ ရန်ကုန်၊ မြဝတီ မြို့တို့၌ဆက်ဆံရေး ရုံးများ ဖွင့်လှစ် နိုင်ရန် အပစ်အခတ် ရပ်စဲစဉ် သဘောတူ ထားသော်လည်း ယနေ့အထိ အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ALP အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ဆွေးနွေးနိုင်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် တစ်ကြိမ် နှင့် ယခု တွေ့ဆုံပွဲ တွင် တစ်ကြိမ် စုစုပေါင်း အလွတ်သဘော (၄) ကြိမ် တင်ပြ ခဲ့သော်လည်း အစိုးရ ဖက်မှ လက်မခံ ခဲ့ကြောင်း ခိုင်စိုးနိုင်အောင် ကဆိုပါသည်။