လူထုအခက်အခဲများ ကူညီဖြေရှင်းရန်အတွက်ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြက ဦးဆောင် ကာ မြို့နယ်အသီးသီးတွင် ကျားဖြူပါတီရုံးများ ဖွင့်လှစ်ရာတွင် ဒေသခံလူထုတို့ကြိုဆိုမှု ရရှိခဲ့ကြောင်း ကျားဖြူပါတီဝင်များ ကပြောသည်။
သျှမ်းပြည်အရှေ့ပိုင်းမိုင်းဖြတ်မြို့နယ် နှင့် တာချီလိတ်မြို့နယ်မိုင်းဖုန်း(ခ) အုပ်စု ဟွေ့လင်လမ်ရွာ တို့တွင် ယခုလ ၆ ရက်နှင့် ရ ရက်က ကျားဖြူပါတီ ရုံးခွဲဖွင့်လှစ်ခဲ့ကြောင်း၊ တနေရာလျင် လူ ၈၀၀ ထက်မနည်း တက်ရောက်အားပေးခဲ့ကြောင်း ပါတီဝင်လူငယ် များကပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူပါတီအဖွဲ့ဥက္ကဌ ဆရာမ ဒေါ်နန်းငွေမြက “ ကျားဖြူပါတီမှာ ၀င်ရောက်တာဝန် ထမ်း ရွက်ဖို့ လူငယ်တွေ ကိုဖိတ်ခေါ်တယ်။ သက်ကြီးပိုင်းတွေကနေရာဖယ်ပေးမယ်။ တခြားပါတီတွေက ပိုက်ဆံပေး မဲဆွယ်ရင်လဲ မယုံမှား မိစေဖို့” အစရှိ ပြော ကြားခဲ့ကြောင်း မိုင်းဖုန်းအုပ်စုသား စိုင်းဝမ်းက ပြောသည်။
မိုင်းဖုန်းအုပ်စုတွင် ဖွင့်ပွဲဧည့်ခံကျွေးမွေးရေးအတွက် ကမကထပြုသည့် ဦးစိုင်းမုန့်ကလည်း ယခင်က အရေးအကြောင်း ကြုံရပါက ရွာသားများမှာ ယုံကြည်အားကိုးရာ မရှိကြောင်း၊ ယခုကဲ့သို့ကျားဖြူပါတီ မှ ရုံးလာဖွင့်သဖြင့် မိမိတို့ဒေသခံများက ဝမ်းသာကြောင်း၊ ထိုသို့ အခွင့်အရေးရခိုက် ပါတီဘက်ကလည်း အထူးကြိုးစားကာ လူထုအား အကာအကွယ်ပေးသွားရန်လိုအပ်သကဲ့သို့ ရွာသားများကလည်း လက်တွဲ ပူးပေါင်းရန်လိုအပ်ကြောင်း ယခုအခါ မိုင်းဖုန်းတွင် ကျားဖြူပါတီဝင် ၃၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း ဖွင့်ပွဲတွင် ပြောကြားသွားခဲ့သည်။
တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသိန်းအောင်က“ ကျနော်တို့ သျှမ်းလူမျိုးတွေကို လန့်ပါတော့ နိုးထပါ တော့ပြော ချင်တယ်။ သျှမ်းပြည်သားတွေ မနိုးထရင် သျှမ်းသမိုင်းပျောက်ကွယ် တော့မယ်။
သျှမ်းပြည်သားတွေမနိုးထရင် သျှမ်းမြေပေါ်က သစ် တောတွင်းထွက်သယံဇာတတွေ ပျောက်ကွယ်မယ်။ သမိုင်းကို သိလေလေစိတ်နာ ဖွယ်ကောင်းလေလေ။ ကျနော်တို့ သမိုင်းအလိမ်ခံ ရတယ်။ ပြည်သူလူထုရယ်
နိုင်ငံရေးပါတီရယ် သျှမ်းတပ်မတော်ရယ် လက်တွဲပူးပေါင်းဖို့အချိန်တန်ပြီ ” ဟု ပြောဆိုခဲ့ပါသည်။
ထိုအနက် ကျိုင်းတုံမြို့နယ် RCSS ရုံးထိုင် ဗိုလ်မှူးဆိုင်လီက ပင်လုံစာချုပ်အကြောင်းပါ ထည့်သွင်းပြောကြား ခဲ့ရာ ပင်လုံစာချုပ်ကြောင့် သျှမ်းပြည်နစ်နာမှုရှိခဲ့ကြောင်း ထို့ကြောင့် ယနေ့မှစပြီး သျှမ်းပြည်သားများ တခြား တပါးသူအား ယုံကြည်အားကိုးမှုမပြုသင့်တော့ ကြောင်း၊ မိမိအချင်းချင်းသာ ယုံကြည်အားကိုး သင့်ကြောင်း ပြောဆိုခဲ့ပါသည်။
ကျားဖြူပါတီသည် သျှမ်းပြည်တောင်ပိုင်း ရုံးမစိုက်ရသေးသည့် မြို့နယ်၊ အုပ်စုတို့တွင် ထပ်မံရုံးစိုက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပုံပါကျင်မှ ကျားဖြူပါတီဝင်လူငယ်များကပြောဆိုပါသည်။