၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းခေါင်းဆောင်များ လွှတ်တော်တင်မည်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းခေါင်းဆောင်များ လွှတ်တော်တင်မည်
by -
နိရဥ္စရာ

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များက အပတ်စဉ် စနေနေ့တိုင်း ဆွေးနွေးပြီး လွှတ်တော်သို့ တင်သွင်းမည်ဟု သိရှိရသည်။

ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး အဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် ယနေ့ နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြသည့် အခြေအနေကို  ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်လည် ပြင်ဆင်ဖို့ NLD မှာ ကော်မီတီ တစ်ရပ်ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မီတီနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်င်ဆင်ဖို့ သဘောထားတွေကို ဆွေးနွေးကြတာပါ” ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အပေါ် အပတ်စဉ် စနေနေ့တိုင်း ဆွေးနွေးသွားမည် ဖြစ်ပြီး ဆွေးနွေး၏ ပွဲရလဒ်များကို လွှတ်တော်သို့ တင်ပြသွားရန် သဘောတူညီခဲ့ကြသည်ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

“ ဆွေးနွေးကြတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ အပတ်စဉ် NLD ကိုယ်စား လှယ်များ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်များ စနေနေ့တိုင်း ဆွေးနွေးပြီးတော့ လွှတ်တော်ကို NLD ကိုယ် စားလှယ်တွေက တင်ပြပေးဖို့အတွက် သဘောတူကြပါတယ်။ နောက် အပတ်တွေမှာလဲ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေကို ဘယ်လို ပြင်ဆင်မလဲ၊ ဘာတွေကို ပြင်မလဲဆိုတဲ့ အပိုင်းတွေကို ဆက်ပြီးဆွေးနွေးသွားကြမှာ ဖြစ်ပါ တယ်။”

ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲတွင် NLD ဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ကာ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် အောင်မြင်စွာ အဆုံး သတ်ခဲ့သည်ဟု သိရသည်။

Most read this week