ရွှေသဘာဝ ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ပေးဝေရေး ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စတင်စမ်းသပ်

ရွှေသဘာဝ ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ပေးဝေရေး ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စတင်စမ်းသပ်
by -
နိရဥ္စရာ

ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှထွက်ရှိသော သဘာဝဓါတ်ငွေ့ဖြင့် ကျောက်ဖြူတွင်လျှပ်စစ်မီးပေးဝေရေးကို စက်တင်္ဘာ ၈ ရက်နေ့တွင်စတင် စမ်းသပ်မည်ဟုသတင်းရရှိသည်။

၎င်းနောက်ပိုင်း စက်တင်္ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်ဖြူမြို့ပေါ်နှင့် လျှပ်စစ်ဓါတ်တိုင်များ စိုက်ထူထားသည့် ကျေးရွာ ၂၁ ရွာအား ၂၄ နာရီ လျှပ်စစ်မီး ပေးသွားမည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် သဘာဝ ဓါတ်ငွေ့ဖြင့် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးမည့် အစီအစဉ်ကို ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ် ဓါတ်အား ဖွံ့ဖြိုးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက စက်တင်ဘာ ၂ ရက်နေ့က  ကျောက်ဖြူမြို့ မြို့နယ် အထွထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

အဆိုပါ အခမ်းအနားတွင် ဦးဆောင်ညွှန်ကြားရေးမှူးက ကျောက်ဖြူဒေသခံများအနေဖြင့် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၃၅ ကျပ် နှုန်းဖြင့် လည်းကောင်း၊ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် တစ်ယူနစ်လျှင် ရ၅ ကျပ်နှုန်းဖြင့် လည်းကောင်း ပေးဆောင်ကြရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

ကျောက်ဖြူမြို့တွင် ယခင်က ထရန်စဖော်မာ ၁၇ လုံးထိ တိုးချဲ့တပ်ဆင်ထားပြီး  မီတာ အလုံးရေ ၃၈၀၀ ရှိကြောင်း၊  ယခုအခါ ရပ်ကွက်ကျေးရွာများမှ နောက်ထပ် လျှောက်ထားသူပေါင်း ၂၅၀၀ ထိရှိလာကြောင်း၊ စက်တက်ဘာ ၁၅ ရက်မတိုင်မီ လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းမှ အမြန်ဆုံး မီတာအိုးများကို တပ်ဆင်ပေးသွား မည် ဖြစ််ကြောင်း၊ လျှပ်စစ်မီတာ တစ်လုံးကို ကျပ် ၈၅၅၀၀ ဖြင့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ ရရှိသည့် သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် ဂတ်စ်အင်ဂျင်ငယ်များ တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓါတ်ငွေ့များအနက် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း ၂၀ ကိုအသုံးပြုပြီး ဂတ်စ်တာဘိုင်တည်ဆောက်ခြင်းနှင့် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့တွင် အဆိုပါ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ သဘာဝဓါတ်ငွေ့သုံး ဂတ်စ် တာဘိုင်ကြီးများကို တည်ဆောက်ရန် အချိန်နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ် ကြောင်း၊  ယင်းစီမံကိန်းများ ပြီးစီးသွားပါက ကျောက်ဖြုဒေသတွင်း အကောင်အထည်ဖေါ်မည့် အထူးစက်မှုဇုန်များ၊ ရေနက်ဆိပ်ကမ်းများသို့ ဓါတ်အား ဖြန့်ဖြုးပေးနိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း သုံးစွဲ၍ ပိုလျှံသောဓါတ်အားများကို နိုင်ငံတော် ဓါတ်အား စနစ်အတွင်းသို့ ပြန်လည် ပို့လွှတ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်ဟု ဆိုသည်။

Most read this week