ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးခက်ခဲသည့် နေရာ ဒေသများတွင် (CDMA-800MH) တန်ဖိုးနည်း မိုဘိုင်းဖုန်း အသုံးပြုသူ များလာသဖြင့် စစ်တပ်မှ ဖုန်းလိုင်းများ ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောသည်။
ဘောလခဲ၊ ဖားဆောင်း၊ မော်ချီး၊ ရှားတော စသည့်ဆက်သွယ်ရေးဖုန်းတိုင်များ မရှိသေးသည့်မြို့နယ်များ နှင့် တခြားသော နေရာဒေသများတွင် စစ်တပ်မှ ထောင်ထားသည့် ဆက်သွယ်ရေးဖုန်းတိုင်များဖြင့်သာ CDMA-800MH ဖုန်းကို အသုံးပြုနေကြရသည်။
“စစ်တပ်က ပြည်သူတွေ အသုံးပြုနိုင်အောင် ဖုန်းတိုင်တွေကို သူတို့ထောင်ထားပေးတယ်ပြောတာ။ ခုသူတို့ကပိတ်လိုက်ပြီလေ။ သုံးစွဲတဲ့သူတွေများလာလို့ ခုဖုန်းတိုင်ထောင်ပေးဖို့ တင်ပြထားပါတယ်”
သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ဖုန်းလိုင်များကို စစ်တပ်မှ ဖြတ်တောက်ထားလိုက်ပြီး ဖုန်းလိုင်းများ ပြန်လည် အသုံးပြုနိုင်ရေးအတွက် ဖုန်းတိုင်များ ပြန်ထောင်ပေးဖို့ လွှတ်တော်သို့ တင်ပြထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။
မြို့နယ်တိုင်း နေရာတိုင်းတွင် စစ်တပ်စခန်းများ တည်ရှိနေခြင်းအတွက် တန်ဖိုးနည်း (CDMA-800MH) မိုဘိုင်းဖုန်းများ တော်တော်များများ အသုံးပြုနေကြသည်ကို တွေ့ရသည်။
တန်ဖိုးနည်း မိုဘိုင်းဖုန်းကပ်များ မဲပေါက်ထားသူများအနေဖြင့် ယခုလ ၂၅ အတွင်း ဖုန်းမဖွင့်သုံးနိုင်ပါက ဖုန်းကပ်များ အသုံးပြုမရမည်ကို စိုးရိမ်နေကြသည့်အတွက် ဖုန်းလိုင်းရသည့် လွိုင်ကော်သို့တက်၍ ဖုန်းဖွင့်ပြောနေကြရသည်။
ဆက်သွယ်ရေးခက်ခဲမှုရှိနေသည့် ကယားပြည်နယ်မြို့နယ်အသီးသီးတွင် အစိုးရမှ ပြီးခဲ့သည့် ဇွန်လကစပြီး တန်ဖိုးနည်း (CDMA-800MH) မိုဘိုင်းဖုန်းကပ်များ မဲနိုက်ယူသည့်စနစ်ဖြင့် စတင်ရောင်းချပေးခဲ့ပြီးနောက် ယခုလို စစ်တပ်မှ လိုင်းများ စတင် ပိတ်ချလိုက်သည်။