ကရင်လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး ကော်မီတီ၏ ဆုံးဖြတ်ချက်ကို BGF တပ်တွင်း ရှင်းလင်း တင်ပြ

ကရင်လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး ကော်မီတီ၏ ဆုံးဖြတ်ချက်ကို BGF တပ်တွင်း ရှင်းလင်း တင်ပြ
by -
ရွှေဟင်္သာ

 ကရင် လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး ကော်မတီ၏ (၃) လပါတ် အစည်းအဝေးမှ ဆွေးနွေး တင်ပြ ဆုံးဖြတ် ထားသည့် အချက်များကို အဆင့်ဆင့် အောက်ခြေတပ်များ သိရှိရန် BGF နယ်ခြား စောင့်တပ်ဖွဲ့မှ တပ်ဗိုလ်၊ တပ်မှူးများအားယမန်နေ့က ရှင်းလင်း တင်ပြ ခဲ့သည်ဟု  BGF မှ ဗိုလ်မှူးကြီး ချစ်သူက ဆိုပါသည်။

 “အဓိက ကတော့ ကျနော်တို့ ကရင် လက်နက်ကိုင် အချင်းချင်း ကိုယ့်ကိုယ်ကိုထိန်းသိမ်း တတ်အောင် ပြသနာဖြစ်လာ ရင်လည်း လက်နက်နဲ့ မဖြေရှင်းပဲ စားပွဲဝိုင်းထဲမှာ ဖြေရှင်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီး အခုလို ရှင်းလင်း တင်ပြခဲ့တာပါ” ဟု ဆိုပါသည်။

Saw Chit Thu

တချိန်ထဲတွင် ကရင် လူငယ်များ အကြားပြဿနာ ကြီးထွား လာနေသော မူးယစ်ဆေးဝါး သုံးစွဲမှု ပြသနာကိုလည်း ကရင် ပြည်သူများ တောင်းဆို ထားသည့် အတိုင်း တိုက်ဖျက်ရေး အစီအစဉ် ကိစ္စကိုပါ တင်ပြ ခဲ့သည်ဟု ဆိုပါသည်။ တိုက်ဖျက် ရာတွင်လည်း စုပေါင်း ဆောင်ရွက် မှုဖြင့် ကွင်းဆင်းပြီး ဆောင်ရွက် သွားကြမည် ကိုလည်း ရှင်းလင်း တင်ပြ ခဲ့သည် ဟုဆို ပါသည်။

ပထမ အဆင့် အနေဖြင့် ပညာပေး အစီအစဉ်နှင့် အကောင်အထည် ဖော်ရန် ဖြစ်ပြီး ကရင် လက်နက်ကိုင် အဖွဲ့များ စည်းလုံး ညီညွတ်ရေးကော်မတီ (၁၇) ကို တာဝန်ပေး ထားကြောင်း၊  ထို့အပြင် လူထု အတွက် အန္တရာယ် ဖြစ်စေသော မြေမြုပ်မိုင်း ဖော်ထုတ်ရန် ကိစ္စကိုပါ ဆက်လက် အကောင်အထည် ဖေါ်ရန် ရှိနေကြောင်း။ ဖေါ်ထုတ်ရေး ဆပ်ကော်မီတီ ကိုမူ လာမည့် တတိယ အကြိမ် (၃) လပတ် အစည်းအဝေးတွင် ဖွဲ့စည်း သွားရန် ရှိနေကြောင်းလည်း ရှင်းလင်း တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် (၃) လပါတ် အစည်းအဝေး၏ အားနည်းချက် များကို မြင်သာရန် တင်ပြ ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာ လ (၃) နေ့၌  ပြုလုပ်သော ကော်မီတီ အစည်းဝေးတွင်  DKBA ဘက်မှ ဆုံးဖြတ်ချက် ချနိုင်မည့် ခေါင်းဆောင်များ မတက်ရောက် နိုင်သည့် အတွက် ကြေညာချက် မထုတ်ပြန် နိုင်ခဲ့ကြောင်း၊ နောင်ကျင်းပရန် ရှိသည့် တတိယ အကြိမ် (၃) လပါတ် အကြိမ် အစည်းဝေးတွင် ထုတ်ပြန် သွားနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း BGF တပ်ဖွဲ့ ၀င်များ နားလည်အောင် ရှင်းလင်း တင်ပြ ခဲ့ပါသည်ဟု ဆိုခဲ့ပါသည်။

BGF တပ်ဖွဲ့၏ အင်အားသည် တပ်ရင်း (၁၂) ရင်း ရှိပါသည်။ ၄င်းတို့သည်  မြဝတီမြို့ပေါ် လုံခြုံရေးကိုလည်း နေရာ (၁၇) နေရာတွင် တာဝန် ယူထား ရပါသည်။ ဤသို့ကြောင့် (၃) လပါတ် အစည်းအဝေးသို့ တက်ရောက် လာသော တပ်ဗိုလ်၊ တပ်မှူးများနှင့် အတူ ခေါင်းဆောင်များ အပေါ်မိမိတို့ တာဝန် ထမ်းဆောင်မှု ကျေပြွန်စေရန် အရေးကြီးကြောင်း တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

“စည်းကမ်း ကတော့ တပ်စည်းကမ်း အတိုင်းပါပဲ။ တချို့နေထိုင်မှု အပိုင်းမှာ စည်းကမ်း မရှိတာတွေကို တွေ့ရတယ်။ အဲဒါကို ပြုပြင်ခိုင်းမယ်။ မြို့လုံခြံုရေးကို ယူထားရတာ ဆိုတော့ အရင်ကထက် ပိုပြီး တော့ သတိထား ခိုင်း တာတို့၊ ဂရု စိုက်ခိုင်းတာ တို့ပေါ့ တပ်ဆိုတော့လည်း ကိုယ့်လုံခြံုရေးကို ကိုယ်ကပဲ အထူးဂရုပြုဖို့ အတွက် ချပြတာပါ” ဟု ဗိုလ် မှူး ကြီး ချစ်သူက ဆိုပါသည်။

BGF တပ်တွင်း အစည်းအဝေးကို ကရင် ပြည်နယ် မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင် ကျေးရွာ၌ ပြုလုပ် ခဲ့ပြီး BGF တပ်ရင်း (၁၂) ရင်းမှ စုစုပေါင်း အင်အား (၆၀) ခန့် တက်ရောက် ခဲ့ပါသည်။