မယ်တော်ဆေးခန်းပြောင်းရွှေ့ဖို့ အဆောက်အဦးများစတင်

မယ်တော်ဆေးခန်းပြောင်းရွှေ့ဖို့ အဆောက်အဦးများစတင်
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ တပ်(ခ်) ခရိုင် မဲဆောက် မြို့ ၌ ရွှေ့ပြောင်း မြန်မာလုပ်သားများအားကျန်းမာရေး စောင့်ရှောက်မှုပေးနေသော မယ်တော် ဆေးခန်းသည် နေရာသစ် ပြောင်းရွှေ့ရန် အတွက် အဆောက်အဦးများ စတင်ဆောက်လုပ်တော့မည်ဟု မယ်တော်ဆေးခန်းတည် ထောင်သူ ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။

 “ ကိုယ်ဝန်ဆောင်နဲ့ သားဖွား၊မိခင်နဲ့ ကလေး စောင့်ရှောက်မှု အဆောက်ဦးကို ဦးစားပေး ဆောက်သွားမယ်။ နေရာကတော့ ချက်ချင်းပြောင်းမှာ မဟုတ်သေးဘူး။ စာချုပ်သက် တမ်းအရ (၇) နှစ် ကျန်နေသေးတယ်။  ဒါပေမဲ့ လူနာတွေ နဲ့ ၀န်ထမ်းတွေ အတွက် သက်တောင့် သက်သာ ရှိဖို့နဲ့ပိုပြီး လုံခြံုမှု ရှိဖို့အတွက် ၂၀၁၃ မကုန်မှီမှာ အဆောက်အဦး သစ်တွေကို စပြီး တည်ဆောက် သွားမယ်” ဟုဆိုပါသည်။

 ဒုတိယ အစီအစဉ် အနေဖြင့် လုပ်ငန်းအတွက် အထောက်အကူ ပြုသည့် ဓာတ်ခွဲခန်း၊သွေးလှူဌာန ၊ ရောဂါ ကာကွယ် ထိန်းချုပ်သည့် စနစ်နှင့် ဆေးစစ်ခန်း တို့ကို တည်ဆောက် သွားမည် ဖြစ်သည်။

မယ်တော် ဆေးခန်းသည် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများမှ ကျန်းမာရေးအတွက် အားထားရသည့်နေရာဖြစ်ပါသည်။ မိုးတွင်း ကာလ  သောင်းရင်းမြစ ရေကြီး ရေလျှံမှုကြောင့် နှစ်စဉ် အခက်အခဲ ဖြစ်ခဲ့ရပါသည်။

 မယ်တော် ဆေးခန်း မြေနေရာသည်  (၁၀) နှစ် စာချုပ်နှင့် ငှားရမ်း ထားပြီး  ယခု (၃) နှစ် မျှသာ ရှိပါသည်။ လက်ရှိ တည်ဆောက်နေဆဲဖြစ်သော မြေနေရာသစ်သည်မူ တရားဝင်ဝယ်ယူထားသဖြင့် လူနာများနှင့် ၀န်ထမ်းများ အတွက် လုံခြံုမှု ရှိသည့် နေရာဖြစ်ပါသည်။

မယ်တော် ဆေးခန်း၏ အဆောက်အဦး အသစ် ကို နိုင်ငံတကာ အကူအညီဖြင့် ဆောက်လုပ် သွားမှာ ဖြစ်ပြီး လက်ရှိ နေရာနှင့် ၂ ကီလိုမီတာမျှသာ ဝေးပါသည်။ ရှေ့ဆက်မယ်တော် ဆေးခန်း၏ လူမှုရေး လုပ်ငန်းစဉ် အပေါ် အခြေခံပြီး မယ်တော် ဆေးခန်း ၀န်ထမ်း များ၏ အရည်အသွေး မြှင့်တင်ခြင်း၊ အကြံဉာဏ် ယူခြင်း လိုအပ်သော ဆေးဝါး ကိစ္စ နှင့် လူနာ လွှဲပြောင်းသည့် ကိစ္စရပ် များအား ထိုင်းအစိုးရ မဲဆောက် ဆေးရုံးကြီးနှင့် ညှိနှိုင်း တိုင်ပင် သွားရန် ရှိသည်ဟုဆိုပါသည်။

ဂျပန် အစိုးရသည် မယ်တော် ဆေးခန်း အတွက် ဒေါ်လာ (၁)သန်းနှင့် ထိုင်းဘတ် ငွေ (၃) သန်းခန့် ထောက်ပံ့ လှူဒါန်း ခဲ့ပါသည်။ ဤအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Shigekazu Sato နှင့် ဒေါက်တာ စင်သီယာမောင် တို့သည် ပြီးခဲ့သည့် သြဂုတ်လ (၂၇) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။

သို့သော် မယ်တော် ဆေးခန်းသည် စာချုပ် သက်တမ်း အရ (၂၀၁၅) ခုနှစ် အထိသာ နိုင်ငံတကာ အကူအညီ ရသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် မည်သို့ အပြောင်းအလဲများ ဖြစ်လာမည်ကို တတ်အပ် မပြောနိုင်သေးကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။

မယ်တော် ဆေးခန်းသည် ၁၉၈၉ ခုနှစ်ကတည်းက စတင် ဖွင့်လှစ် ခဲ့ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် နယ်စပ် တလျှောက်ရှိ လူဦးရေ တစ်သိန်းခွဲခန့်အား ကျန်းမာရေး ပြုစု စောင့်ရှောက် ပေးခဲ့ ရသည်ဟု ဆိုပါသည်။