အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း(၃) နောက်ဆုံးပိုင်း

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း(၃) နောက်ဆုံးပိုင်း
by -
ရွှေဟင်္သာ

“အမျိုးသား ပြန်လည်သင့်မြတ်ရေး” မှာအရေးကြီးကြောင်းမည်သူမျှ မငြင်းပါ။သို့ရာတွင် “အမျိုးသားပြန်လည် သင့်မြတ်ရေး” ကိုဦးတည်သော လုပ်ငန်း ဘာတခုမှ မစတင်ရ သေးခြင်းမှာ ပြသနာ ဖြစ်နေသည်။

ဗိုလ်ချုပ်ရွာစ်စစ်ရည်ညွှန်းသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” သည်အဘယ်အရာနည်း။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး” မှာအရေးကြီးကြောင်းမည်သူမျှ မငြင်းပါ။သို့ရာတွင် “အမျိုးသားပြန်လည် သင့်မြတ်ရေး” ကိုဦးတည်သော လုပ်ငန်း ဘာတခုမှ မစတင်ရ သေးခြင်းမှာ ပြသနာ ဖြစ်နေသည်။ “အမျိုးသားပြန်လည် သင့်မြတ်ရေး” ကို တတွတ်တွတ် ရွတ်ဆိုလျှက် ဖြစ်ပြီးခဲ့သမျှ များအား ပြည်ဖုံးကား ချထား၊ မေ့ထားခြင်းမှာ ပို၍ ကြီးမားသော ပြသနာ ဖြစ်နေသည်။ ဘာတခုမှစတင် လုပ်ဆောင်မှု မပြုသေးသည့် “အမျိုးသား ပြန်လည် သင့်မြတ်ရေး” ဟူသည့် အရာကို လက်ညှိုး ထိုးကာ ဗိုလ်ချုပ် ရွာစ်စစ်က ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ရေးဆွဲရေးအား စောလွန်းနေသည်ဟု ပြောခြင်းမှာ သဘာဝ မကျပါ။ တိုင်းရင်းသား အဖွဲ့အစည်း များအားလုံး ပြိုင်တူ တွန်းလျှင်ရွေ  ့တော့မည့် အနေအထား ရောက်နေသည့် အချိန်တွင် ဗိုလ်ချုပ် ရွာစ်စစ်သည် အဘယ်ကြောင့် နောက်ပြန် ဆွဲသည့် သဘော သက်ရောက် စေသည့် စကားလုံးကို သုံးပါသနည်း။

 လူ့အခွင့်အရေး အပေါ်တွင် အခြေခံသည့် စစ်မှန်သည့် “အမျိုးသားပြန်လည် သင့်မြတ်ရေး” လမ်းကြောင်းကိုဗိုလ်ချုပ် ရွာစ်စစ် အပါအဝင် ရှမ်းခေါင်း ဆောင်များ ပြန်လည် သုံးသပ် သင့်သည်။ ၁၉၈၈ ခုနှစ်အာဏာ သိမ်းပြီး နောက်ပိုင်း မြန်မာ စစ်တပ်က ရှမ်းအမျိုးသမီး ကလေး များအား မုဒိန်း ကျင့်ခဲ့သည့် မှုခင်းများကို စုဆောင်းကာ ထုတ်ပြန် ခဲ့သည့် “မုဒိန်း ကျင့်ခွင့်လိုင်စင်” စာအုပ်မှာ ကမ္ဘာသို ့ပေါက်သွားခဲ့သည်။

 မြန်မာနိုင်ငံ အတွင်း အထူးသဖြင့် တိုင်းရင်းသား ဒေသများ၌ စစ်အာဏာရှင်များ ကျူးလွန် ခဲ့သည့် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ပြစ်မှု၊ စစ်ရာဇဝတ်မှု တို ့နှင့် စပ်လျှဉ်း၍ နိုင်ငံတကာက အရေးယူ ဆောင်ရွက်ရန် လှုပ်ရှားမှု အားကောင်း လာသည့် အချိန်တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ အနေဖြင့် ဗိုလ်ချုပ်ရွာစ်စစ် ကိုယ်တိုင် ထောက်ခံ လက်မှတ် ရေးထိုး ထားခဲ့သည့် စာအား ကုလသမဂ္ဂသို ့ ၂၀၁၀ ခုနှစ် သြဂုတ်လ အတွင်းက ပေးပို ့ ခဲ့သည်ကို ပြန်လည်သတိရသင့်သည်။ လူ ့အခွင့်အရေးနှင့်ဥပဒေ စိုးမိုးရေး အခြေခံမှ နေ၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ချဉ်းကပ် နိုင်ရန်မှာ ၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံ ဥပဒေ အောက် တွင် မဖြစ်နိုင်ပါ။ ပုဒ်မ ၄၄၅ အရ စစ်ခေါင်းဆောင်များ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားပြီး ဖြစ်သောကြောင့်ပင်။ စစ်မှန်သည့် “အမျိုးသားပြန်လည် သင့်မြတ်ရေး” ကိုလိုချင်သည်ဟု ဆိုလျှင် ဖေါ်ဆောင်ရမည့် လမ်းကြောင်းကို ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်တွင် ထည့်သွင်း ပြဌာန်း ရပါမည်။

“ငြိမ်းချမ်းရေး” ကိုမည်သို့ချဉ်းကပ်မည်နည်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်တွင် မည်သည့် အခါတွင်မျှ စစ်မှန်သည့် ငြိမ်းချမ်းရေး မရနိုင်ပါ။ အကျဉ်းချုပ် ငါးချက် မျှသာ ထောက်ပြပါမည်။ ပထမ အချက်မှာ မြန်မာပြည်နယ် မဟုတ်ဘဲ တိုင်းများ ဖွဲ့စည်း ထားမှုမှာ တန်းတူရေး အခြေခံကို မဖေါ်ဆောင်ပါ။ ဒုတိယ အချက်မှာ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းမှုနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ အရ စစ်အာဏာရှင် စနစ်နှင့် ပူးပေါင်း ဆောင်ရွက် လိုသည့် တိုင်းရင်းသား များသာပြည်နယ် များ၌ ရွေးချယ် တင်မြောက်ခွင့် ရစေမည့် အနေအထားကို စီစဉ် တကျ ဖန်တီး ထားသောကြောင့် ဖြစ်သည်။

တတိယ အချက်မှာ သဘာဝ သယံဇာတ အရင်းအမြစ်များ ခွဲဝေမှု မမျှတရုံ သာမက ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းမှု အရ ဗဟို အစိုးရက ထင်သလို စီမံခန့်ခွဲခွင့် ရနေ၊၂၀၁၁ ခုနှစ် အထူး ရံပုံငွေ ဥပဒေ အရ တိုင်းပြည် ဘဏ္ဍာကို စစ်တပ်က ထင်သလို သုံးခွင့် ရနေသောကြောင့် ဖြစ်သည်။ စတုတ္ထ အချက်မှာ တရားရုံးများ ဖွဲ့စည်း တည်ရှိမှု အနေအထား အရ ပြသနာကြီးများအား နောက်ဆုံး ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေး အတွက် ပြည်နယ်များ အားလုံးက ယုံကြည် အားကိုး နိုင်လောက်သည့် တရား စီရင်ရေး စနစ်ကို တည်ဆောက် မထားခြင်း ဖြစ်သည်။ ပဥ္စမနှင့် အရေး အကြီးဆုံး အချက်မှာ လူမျိုးကြီး ၀ါဒကိုကျင့်သုံး ထားသည့် တလက်ကိုင် တပ်မတော် တရပ်တည်းသာ တည်ရှိစေမည် ဖြစ်ပြီး ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် လုံးဝ မဖြစ်နိုင်ခြင်းပင်။

ဤအခြေအနေများ အောက်တွင် ဗိုလ်ချုပ် ရွာစ်စစ်သည် ငြိမ်းချမ်းရေးကို မည်သို့ ရှာဖွေ ပါမည်နည်း။ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးထား ပါလျှက် ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေ ခဲ့သည်ကိုလည်း လက်တွေ့ သုံးသပ် နိုင်သည်။ ငြိမ်းချမ်းရေး ရရန် အခြေခံမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေ သစ်တရပ်ကို ရေးဆွဲ အတည်ပြု ကျင့်သုံးခြင်းမှ တပါး အခြား မရှိပါ။

ဖက်ဒရယ်နှင့်ရှစ်လေးလုံးအတွေ့အကြံု

            စာရေးသူသည် ရှမ်း မဟုတ်ပါ။ မြန်မာ အမျိုးသား တဦးသာ ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ကြီးမြို ့ တွင် နှစ်တချို ့အခြေချ နေထိုင်ခဲ့စဉ် အတွင်း ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွား ခဲ့ရာ ဗဟို သပိတ် ကော်မတီ တွင် တွဲဘက် အထွေထွေ အတွင်းရေးမှုး အဖြစ် တာဝန် ယူခဲ့သည်။ အထွေထွေ အတွင်းရေးမှုးမှာ စာရေးသူနှင့် အတူ ကျူရှင် ပြဘက် ကျူရှင် ဆရာ ဦးမြတ်သူ ဖြစ်သည်။ ဥက္ကဌမှာ စပ်စံထွန်း ဆေးရုံ အုပ်ကြီး ဒေါက်တာ တင်ဝင်းဖြစ်သည်။ ဗဟို သပိတ်ကော်မတီ၏ ဦးဆောင်မှု အောက်၌ ကျောင်းသား အဖွဲ ့အစည်းများ အားလုံး အပါအဝင် အဖွဲ ့အစည်းပေါင်း သုံးရာကျော် ရှိခဲ့သည်။ တရားဟော စင်မြင့်မှာ ဗဟို သပိတ် ကော်မတီ၏ လက်ဝယ်သို ့ရောက်ရှိလာပြီး ပြည်နယ် ဘောလုံးကွင်း ကြီး အတွင်း၌ ပရိသတ် တသိန်းကျော် တက်ရောက် ခဲ့သည့် တရားပွဲပေါင်း ၁၂ ပွဲခန် ့ကျင်းပနိုင်ခဲ့သည်။ ပထမဆုံး တရားပွဲတွင် ဒေါက်တာ တင်ဝင်း နှင့် စာရေးသူ နှစ်ဦးတည်း ဟောခွင့်ရခဲ့သည်။

            တရား ဟောပွဲများ အရှိန် ရလာသောအခါ သမိုင်းဝင် ရှမ်းပြည် နိုင်ငံရေး ခေါင်းဆောင် လူကြီး များကိုပါ ဖိတ်ကြားပြီး ပါ၀င် ဟောကြားနိုင်ရန် ဗဟို သပိတ် ကော်မတီ အနေဖြင့် စီစဉ်ပေးခဲ့သည်။ မှတ်မိသမျှမှာ ပင်လုံစာချုပ် လက်မှတ် ရေးထိုး ခဲ့သူ ဦးထွန်းမြင့်၊ ဦးခွန်ထီး တို ့နှစ်ဦး တို ့အပြင် ဦးထွန်းဖေ၊ ဦးညွန့်မောင်၊ ရပလ ခေါင်းဆောင်ကြီး ဦးရွှေအုံး တို ့ဖြစ်သည်။

            မှတ်မှတ်ရရ တရက်တွင် နောက်နေ ့ကျင်းပမည့် တရားပွဲ အတွက် မည်သည့် ခေါင်းဆောင် များက မည်သည့် အကြောင်း အရာ များအား ဟောကြားကြရန် ဦးခွန်ထီး အိမ်တွင် စုဝေး တိုင်ပင်ကြသည်။ အထက်ပါ ခေါင်းဆောင် ကြီးများအပြင် ဗဟိုသပိတ်ကော်မတီမှ ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဤတွင် ဦးရွှေအုံးက ဖက်ဒရယ်  အကြောင်းကို သူ ဟောမည်ဟု အဆိုပြုသည်။ တိုင်းရင်းသား ခေါင်းဆောင်များ အကြား ၌ ဖက်ဒရယ် ဆရာကြီး အဖြစ် နံမည်ကြီး လှသူ ဦးထွန်းမြင့် က ကန် ့ကွက်သည်။ ဤပွဲမှာ ဒီမိုကရေစီ ရေး ကို ဦးတည် လှုပ်ရှားနေသော ပွဲဖြစ်သဖြင့် ဖက်ဒရယ်ကို မဟော သင့်သေးကြောင်း၊ အချိန်စောနေကြောင်း အကြောင်းပြသည်။ လူကြီး အချင်းချင်း ငြင်းခုံ ဆွေးနွေးနေကြသဖြင့် စာရေးသူတို ့လူလတ်၊ လူငယ်များက ငြိမ်ပြီး နားထောင် နေခဲ့ကြသည်။ ဦးရွှေအုံးက ဦးထွန်းမြင့် ဖြောင်းဖျ ပြောဆိုသည်ကို လက်မခံ ငြင်းခုံသည်။ ဖက်ဒရယ်ကို မှ ဟောခွင့် မရလျှင် သူမဟော တော့ဟု ဆိုကာ စိတ်ကောက်သလို ပြုရင်း ဘာမှ မပြောတော့ဘဲ ထိုင်နေတော့သည်။ နောက်ဆုံးတွင် ဦးခွန်ထီးက ကဲဗျာ သူ သည်လောက်ဟောခြင်လဲ ဟောပါစေ။ ပရိသတ် နားလည်တန်သလောက်လဲ နားလည်သွားတာပေါ ့ဟု ၀င်ရောက် ဖြန်ဖြေတော့မှ ဦးရွှေအုံးမျက်နှာ ကြည်လင်လာသည်။

            နောက်တနေ ့တကယ်တန်း ဟောသည့် အချိန် ဦးရွှေအုံး အလှည့် ရောက်သော အခါ ဖက်ဒရယ်ကို စတင်ဟော၍ နှစ်မိနစ် သုံးမိနစ် ခန် ့အကြာမှာပင် ပရိသတ်အတွင်းမှ စီစီညံညံ အသံများ ထွက်လာသည်။ “လာပြန်ပြီ လားကွ ခွဲထွက်ရေး” “အခုက ခွဲထွက်ရေး လုပ်ရမယ့် အချိန်မဟုတ်ဘူး။” “ဒီမိုကရေစီရေးကို တောင်းဆိုနေတဲ့ အချိန်မှာ ဖက်ဒရယ်ကို တောင်းနေရင် ရှုတ်ကုန်မယ်” ဟု ရေရွတ်လျှက် ပရိသတ် အမြောက်အများ ကွင်းထဲမှ ထပြန် သွားကြသည်မှာ စာရေးသူ၏ ကိုယ်တွေ ့ဖြစ်သည်။ အဘယ်ကြောင့် ဤသို ့ဖြစ်ခဲ့သနည်း။ ဖက်ဒရယ်မှာ ခွဲထွက်ရေး ဖြစ်ကြောင်း ဗိုလ်ချုပ် နေဝင်း ဦးဆောင်သည့် စစ်အာဏာရှင်များက တောက်လျှောက် ၀ါဒဖြန် ့ခဲ့သောကြောင့် ဖြစ်သည်။

            ယခုမူ အခြေအနေသည် ပြောင်းပြန် ဖြစ်နေပါပြီ။ လက်ရှိ အာဏာ ရနေသည့် စစ်ခေါင်းဆောင် ဟောင်း သစ်များ ကိုယ်တိုင် မငြင်းနိုင်တော့။ မည်သည့် ဒီမိုကရေစီ အင်အားစု တခုတလေ ကမျှလည်း မကန် ့ကွက်။ ပြီးခဲ့သည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်မှာပင် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ရေးဆွဲရေးကို ထည့်သွင်း ခဲ့ခြင်း အရ လူထုများကြီး ကိုယ်တိုင် လက်ခံလာပြီဟု ရှုမြင်နိုင်သည်။ ၁၉၆၂ ခုနှစ်မှစ၍ သုံးသပ်လျှင် ယနေ ့ ကာလမှာ နိုင်ငံရေးအရ တဆစ်ချိုး ပြောင်းသွားခြင်းဖြစ်သည်။ ဖက်ဒရယ် သည် တင့်တောင့် တင့်တယ် နိုင်ငံရေး ဇာတ်ခုံ ပေါ်တက်လာပြီ ဖြစ်သည်။ အာဏာပလ္လင် ပေါ်နောက်တဆင့် တိုးတက်ရန် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ်ကို အမြန်ဆုံး ရေးဆွဲ အတည်ပြု ကျင့်သုံးရန်သာ ရှိတော့သည်။

  စာရေးသူ အနေဖြင့်မူ ဤလုပ်ငန်းစဉ်များ နောက်ကျ လွန်းနေ သည်ဟု မြင်သည်။ အာဏာရှင် စနစ် ကျင့်သုံး၊ဘုံးဘုံးလဲ ကျခဲ့သည့် ဂျာမနီ နိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၄ နှစ် အတွင်းမှာပင် ဖက်ဒရယ် ဖွဲ့စည်းပုံကို ရေးဆွဲ အတည်ပြု ကျင့်သုံး ခဲ့ရာ ယခု ကမ္ဘာ့ထိပ်တန်း နိုင်ငံ စာရင်းဝင် ဖြစ်နေပြီ။ မြန်မာနိုင်ငံတွင် ၁၉၆၁ ၌ ဖက်ဒရယ် တောင်းဆိုချက် ထွက်ပေါ် ခဲ့သည့် အချိန်တွင် အတည်ပြု ကျင့်သုံး ခဲ့ပါက ယခု အခါ စင်္ကာပူ ထက်ပင် သာလွန်သည့် စီးပွားရေး အခြေအနေများ ခံစားခွင့် ရနေကြပါမည်။

အောင်ထူး (ရှေ့နေ)

ဥပဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ
သြဂုတ်လ ၃၀ ရက်၂၀၁၃ ခုနှစ်