တပ်မတော်တွင် ချမှတ် ထားသည့်မူ (၆) ချက်ကြောင့် တိုင်းရင်းသား အပစ်ရပ် များကို လိုက်လံ တိုက်ခိုက် နေရသည်ဟု အောက်လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ ရှမ်းပြည် ခရီးစဉ်တွင် ကာကွယ်ရေး ဝန်ကြီး ဌာန အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြောကြောင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုပါသည်။
“ အပစ်ရပ်တယ် ဆိုတာ နှစ်ဖက်ရပ်မှ ဖြစ်မယ်လေ။ သူတို့ချတဲ့ မူဟာ တရားမျှတတဲ့ မူလား။ ကိုယ့်ဟာကို မူသတ်မှတ် ပြီးတော့ ကျနော်တို့ကို လိုက်တိုက်နေမယ် ဆိုရင်၊ အပစ်ရပ်ရေးကို ဘယ်သူ ချိုးဖေါက်နေတာလဲ။
ကျနော်တို့ကို တဖက်သတ် ရပ်ခိုင်းပြီးတော့ အစိုးရဖက်က မရပ်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်လာတယ်” ဟု ဆိုပါသည်။
အစိုးရ တပ်မတော်၏ မူသစ်မှာ အပစ်အခတ် ရပ်စဲရေး ရယူ ထားသည့် အဖွဲ့တို့သည် လူသစ် စုဆောင်းခြင်းအင်အား တိုးချဲ့ခြင်း၊ အခွန်ကောက်ခြင်း၊ ခွင့်ပြုချက် မရရှိဘဲ စခန်း အသစ် တည်ဆောက်ခြင်း သွားလာခြင်း၊ အစိုးရ အဖွဲ့၏ အုပ်ချုပ်ရေးကို ဝင်ရောက် စွတ်ဖက်ခြင်း၊ လူသတ်ခြင်း၊ အစိုးရမှဖွဲ့စည်း ထားသည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထိပါးခြင်း ပြုလုပ်ပါက တပ်မတော် အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမည်ဟု ဆိုပါသည်။
ဤမူဖြင့် အစိုးရ တပ်ဖွဲ့များသည် နိုင်ငံတော် တရား ဥပဒေ စိုးမိုးရေး အတွက် အထက် အမိန့်ဖြင့် RCSS/SSA အဖွဲ့ကို တိုက်ခိုက် နေရခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ စက်တင်ဘာလ၂ ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ခရီးစဉ်တွင် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ထပ်မံ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ယင်းတွေ့ဆုံပွဲသို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS၊ ရှမ်းပြည် လူမျိုး ပေါင်းစုံလွတ်မြောက် ရေး အဖွဲ့ PNLO ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO တို့တက်ရောက် ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကဤမူ အတိုင်း RCSS/SSA ဘက်က လိုက်နာ ဆောင်ရွက်ရန် လိုသည်ဟု ပြောကြား ခဲ့ကြောင်း ဆိုပါသည်။
အစိုးရ တပ်ဖွဲ့၏ ယင်းမူသစ် ၆ ချက်ကို ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့၌ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန MPC ရုံးတွင်း၌ကျင်းပသည့် လူမှု အဖွဲ့အစည်း တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ကလည်း ပြောကြား လာခဲ့ သည်ဟု ယင်း တွေ့ဆုံ ပွဲကို တက်ရောက်သည့် ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုပါသည်။
ဤမူသည် တဖက်သတ်မူ ဖြစ်သဖြင့် အစိုးရသည် အပစ်ရပ် ထားပါလျှက် တိုင်းရင်းသား အဖွဲ့များအား ထပ်မံ စစ်ကြေညာ လိုက်ခြင်းသာ ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အရာရှိကြီး တဦးက ဆိုပါသည်။ ထို့အတူ အစိုးရ တပ်ဖွဲ့များ သည်လည်း လူထုအား အကြောင်းမဲ့ ပစ်သတ်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း များကို ပေါ်လစီ တရပ် အနေဖြင့် တဖက်သတ် ကျင့်ကြံ နေကြသည်လည်း ရှိသည်ဟု ဆိုပါသည်။
ဆပ်ကြေး ကောက်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ရံပုံငွေ ဖြစ်ပါသည်။ ရပ်တည်ရေး သည် ရံပုံငွေ အပေါ် မူတည်နေပြီး တရားမျှတစွာ ကောက်ခံ ခဲ့သည်ဟု ဆိုပါသည်။ တိုင်းရင်းသား တပ်များ သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရပ်တည်နေခြင်း မဟုတ်ကြောင်း၊ လက်တွေ့ မကျသည့် ဤအခြေ အနေကို အစိုးရဖက်မှ တဖက်သတ် ပြောကြား လာနေခြင်းသည် ခြိမ်းခြောက် ခြင်းနှင့် အတူ အကြပ်ကိုင်မှု တရပ်ဖြစ်သည်ဟု UNFC အရာရှိက ဆိုပါသည်။
ထို့အပြင် စစ်တပ်၏ ထိုမူ (၆) ချက်အား ပြည်သူ့ လွှတ်တော် ဥက္ကဌ၏ ရှမ်းပြည် ခရီးစဉ်တွင် လိုက်လံ ပြောကြားလာ နေခြင်းသည် စစ်တပ်၏ ခြိမ်းခြောက် မှုကြောင့် တိုင်းရင်းသား အဖွဲ့များ လွှတ်တော်ကို အားကိုး လာလေ မလား ဆိုသည့် အစိုးရ၏ နည်းဗျူဟာ သစ်လည်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆကြောင်း ဆိုပါသည်။
စစ်တပ်၏ အထက်ပါမူ (၆)ချက်သည် ပြီးခဲ့သည့် မေလ ကုန်ပိုင်းက ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲ ပထမနေ့၌ နှစ်ဖက် ဆွေးနွေးမှုများ မပြေလည်ရာက တခါးပိတ် ဆွေးနွေးပွဲ ကျင်းပစဉ် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက စတင် ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသည် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့်အတူ ရှမ်းပြည် မြောက်ပိုင်း ခရီးစဉ်ကို လှည့်လည် နေပါသည်။ ၀ပြည် သွေးစည်းရေး ညီညွတ်ရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု မိုင်းလား အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့အား လိုက်လံ တွေ့ဆုံရန် ရှိနေပါသည်။
ဤသည် ပြည်သူ့ လွှတ်တော် ဥက္ကဌ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ပထမဆုံး အကြိမ် လိုက်လံ တွေ့ဆုံခြင်း ဖြစ်ပါသည်။