တရုတ်မှ ပေးပို့လှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ

တရုတ်မှ ပေးပို့လှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ
by -
နိရဥ္စရာ

အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် ယနေ့ စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

ပစ္စည်းသယ်ယူလာသော ကားကြီးများ ရပ်နားထားသည်ကို စစ်တွေတွင် တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)

Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိလာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ကြားတာကတော့ခါ တရုတ်ပြည်က ယူလာတဲ့ Ready made အိမ်တွေလိုု့ ကြားရတယ်။ အခု စစ်တွေကို ရောက်နေပါပြီ။ ဘယ်နေရာမှာ ဆောက်မယ်လို့တော့ မသိသေးဘူး။ ဘယ်သူ့ အတွက်လဲ?
ရခိုင်အတွက်လား၊ ဘင်္ဂလီတွေအတွက်လားဆိုတာ မသိသေးဘူး။  စစ်တွေမြို့က လူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်” ဟု၎င်းက ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ယခုအချိန်ထိ သယ်ယူလာသော လုံးချင်း အိမ်များမှာ မည်သည့် နိုင်ငံက ဖြစ်ကြောင်း  တရားဝင် ကျေညာခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းလိုက်သော လုံးချင်း အိမ်များ ဖြစ်ကြောင်း
စစ်တွေတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား ယနေ့ နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းပစ္စည်းများ ရောက်ရှိနေသည်ကို သူ့အနေနှင့် မသိသေးကြောင်း ပြောသည်။

“ ဘယ်မှာရောက်လို့တုန်း။ ဒီမှာရုံးအဖွဲ့ကလည်း ဘာမှရောက်တယ်လို့မကြားသေးဘူး။ ဘာတွေရောက် မှန်းလည်း ကျွန်တော်လည်းမသိဘူး။ လုံးချင်းအိမ်ရာတွေက ဆတ်ရိုးကျဘက်မှာ အလုံး ၆၀ ဆောက်ပြီးသွား ပြီး အခု ရခိုင်တိုင်းရင်းသားတွေတောင် တက်နေကြပြီ” ဟု ဆိုသည်။

၎င်း လုံးချင်း အိမ်များကို တစ်စစီဖြုတ်ပြီး ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ အများစု ပစ္စည်းများမှာ သံဘောင် များ နှင့် သံထည် ပစ္စည်း အမျိုးအမျိုး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆင်သင့် လုံးချင်းအိမ်များမှာ ဘင်္ဂလီ ဒုက္ခသည်များ အတွက်ဖြစ်ကြောင်း  စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်း ရေး ရဟန်းပျိုအဖွဲ့ ဥက္ကဌ ဦးဓမ္မတဇက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဘောဒူရ မှာ ဘင်္ဂလီတွေနဲ့ဖြစ်တဲ့အခါ ဘင်္ဂလီတွေက သူတို့ကို လုံးချင်းအိမ်တွေ ဆောက်ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာက အခုလို ပို့ပေးတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ဇေယျာသီရိ ဆရာတော်ကြီးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကို လှမ်းပြီး ဖုန်းဆက်တဲ့ခါ ဟုတ်တယ်။ ဘင်္ဂလီတွေကို ပေးဖို့ အတွက်  ဖြစ်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။

ကားကြီးများဖြင့် သယ်ဆောင်လာသော  အဆင်သင့် လုံးချင်းအိမ်များကို ဆောက်လုပ်နိုင်သည့်  ပစ္စည်းများကို ဝေသာလီကွင်း ဘေးရှိ အဆောင်တွင် ဘင်္ဂလီ အလုပ်သမား ၃၀ ခန့်ကို အသုံးပြုကာ လုံခြံုရေးများဖြင့်  တာဝန်ယူပြီး ယာယီ စုပုံထားသည်ဟု မျက်မြင်များက ပြောသည်။

အဆင်သင့် လုံးချင်းအိမ်များဆောက်လုပ်ရန် ပစ္စည်းများကို နောက်ထပ် ကားအစီး ၅၀ ခန့် ဖြင့်  ဆက်လက် သယ်ဆောင်လာကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်အရ သိရှိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ယခု ရောက်ရှိလာသော အဆင်သင့် လုံချင်း အိမ်များ အရေအတွက်မှာ (၁၅၀) လုံး ဖြစ်ပြီး  တရုတ်က ပေးပို့ လှူဒါန်းခြင်း ဖြစ်ကာ စုစုပေါင်း တန်ဖိုး ဒေါ်လာ (၁) သန်းဖိုး ရှိကြောင်း သိရသည်။

Most read this week