မလေးရှား အစိုးရမှ ဖမ်းဆီး ထားသည့် မြန်မာ နိုင်ငံသား အရေ အတွက်သည် အစိုးရမှ တရားဝင် ထုတ်ပြန် ကြေငြာသည့် အရေ အတွက်ထက် များနိုင်ဖွယ် ရှိသည်ဟု မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသား များကို အကူအညီ ပေးနေသည့် ကပုန်း (၇) ရက် သားသမီး နာရေး ကူညီမှု အသင်းမှ ဘဏ္ဍာရေးမှူး ကိုမျိုးလွင်ဦးက ပြောသည်။
“သူတို့ (အစိုးရ) က ကြေငြာ ထားချက် အရ တရားမဝင် နိုင်ငံခြားသား အပြင်ကို Work Permit ပါ အလုပ် နေရာနဲ့ တကယ် အလုပ် လုပ်တဲ့ နေရာ လွဲနေ တာတွေ ကိုလည်း ဖမ်းတယ်၊ လက်ခံ ထားတဲ့ စက်ရုံ၊ သူဌေး တွေကိုလည်း ဒဏ်ရိုက်ဖို့ ရှိနေတယ်၊ ကျနော် မလေးရှားမှာ နေခဲ့ဖူးတဲ့ သက်တမ်း တစ်လျှောက် မှာတော့ ဒါက အကြီးကျယ်ဆုံး ဖမ်းဆီးမှု တစ်ခုပါ” ဟု ကိုမျိုးလွင်ဦးက ပြောသည်။
မလေးရှား နိုင်ငံတွင် တရားမဝင် နိုင်ငံခြား သားများအား ဖမ်းဆီးခြင်း စီမံချက်၌ မြန်မာ နိုင်ငံ သားပေါင်း (၅၅၅) ဦး အဖမ်းခံ ထားရပြီ ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၄ ရက် နေ့ထုတ် မြန်မာ သတင်းစာ များ၌ ဖော်ပြ ကြသည်။
နေရာပေါင်း (၅၀) ခန့်ကို တစ်ချိန်တည်း ဝင်ရောက် ဖမ်းဆီး ခဲ့ပြီး တရားမဝင် နိုင်ငံခြားသား လူပေါင်း ၈၁၀၀ ကို စစ်ဆေး ခဲ့ကာ အထောက် အထားမဲ့ တရားမဝင် နေထိုင်သည့် နိုင်ငံ ခြားသား ၂၄၀၀ ဦးကာ မလေးရှား အာဏာပိုင် များမှ ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။ ၄င်းထဲတွင် မြန်မာ နိုင်ငံသား (၅၅၅) ဦး ပါဝင် ခဲ့ပါသည်။
မလေးရှား အစိုးရမှ သြဂုတ်လ (၂၄) ရက် တရားဝင် ထုတ်ပြန် ကြေငြာ ထားမှု အရ Enforcement Operation (မလေးဘာသာဖြင့် အော်ပရာစီ) အဖမ်း အဆီးမှာ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်မည် ဖြစ်ကာ ထိုမှ (၃) လ ကြာမြင့်မည် ဖြစ်သည်။
တရားဝင် ပတ်စပိုစ့် ကိုင်ဆောင် ထားသည့် မြန်မာ နိုင်ငံသား အများစု မှာလည်း လာစဉ်၌ ခေါ်စာ၊ ဗီဇာ များဖြင့် တရားဝင် လာရောက် ထားကြ သော်လည်း နောက်ပိုင်း၌ လုပ်ငန်းခွင် အဆင့်ဆင့် ပြောင်းလဲ သွားပြီးနောက် ဗီဇာ သက်တမ်းရှင် အလုပ်ဌာနအမှန် ရှိသူမှာ နည်းပါးပြီး အများစုမှာ Overstay များ ဖြစ်ကြ သည်ဟု ကိုမျိုးလွင်ဦးမှ ဆက်ပြောသည်။
ထိုသို့ အဖမ်းအဆီး ကြမ်းနေမှု ကြောင့်လည်း အောက်လမ်းခေါ် နယ်စပ် ဖြတ်ကျော်လမ်းမှ ပြန်ကြသည့် လူများမှ တစ်ရက်လျှင် ၂၀၀ ဝန်းကျင် ခန့်အထိ မြင့်တက် လာကာ နေ့စဉ် ပြန်နေ ကြကြောင်း ပွဲစား တစ်ဦး ဖြစ်သူ ကိုမုတ်ဆိတ်က ပြောသည်။
ထိုအောက်လမ်း ပြန်သူများအား ဝန်ဆောင်ခ အဖြစ် မလေးရှား ရင်းဂစ် (၉၀၀) ဖြင့် သုံးရက် အတွင်း ရန်ကုန် အရောက် ပို့ဆောင် ပေးနေသည်ဟု ၄င်းမှ ဆက်ပြောသည်။
ပြီးခဲ့သည့် ဖမ်းဆီး မှုများ၌မူ ထိုသို့ အစိုးရမှ တရားမဝင် နိုင်ငံခြားသားများ လွယ်ကူစွာ ထွက်ခွာ နိုင်ရန် နယ်စပ် ဂိတ်များကို နားလည် မှုဖြင့် ဖြတ်သန်းခွင့် ပြုသော်လည်း ယခု အကြိမ် အဖမ်းအဆီး ၌မူ နယ်စပ် ဂိတ်များကိုလည်း တင်းကြပ်စွာ ပိတ်ထား ကြောင်းလည်း ဆိုပါသည်။
ထိုသို့ တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးခြင်း စီမံချက်၌ လူဝင်မှု ကြီးကြပ်ရေး၊ ရဲ၊ စပ်တပ်၊ ပြည်သူ့စစ် အင်အား စုစုပေါင်း (၁၃၅၀၀၀) ခန့် အသုံး ပြုမည် ဖြစ်ကြောင်းလည်း အစောပိုင်းက မလေးရှား သတင်းစာ၌ ထုတ်ဖော် ရေးသား ထားကြသည်။
အဖမ်းခံ ရသည့် မြန်မာ နိုင်ငံသား များကို မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှ တွေ့ဆုံ စီစစ် သွားမည် ဖြစ်ကာ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား ခိုင်လုံမည် ဆိုပါက နိုင်ငံသို့ ပြန်လည် ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည့် အချက်အလက်အား ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာ၌ ထုတ်ဖော် ရေးသား ထားပါသည်။
မကြာမီ ရက်ပိုင်း အတွင်း၌လည်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် ဦးဆောင်ကာ နိုင်ငံ ခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှတာဝန်ရှိသူများ သမ္မတ၏ ညွှန်ကြား ထားချက်ဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာရန် ရှိနေပြီး ၄င်းကိစ္စအား ညှိနှိုင်းဖွယ် ရှိကြောင်း ကြားသိရပါသည်။