လက်နက်ကြီးဖြင့် ရွာထဲ ပစ်သွင်းသောကြောင့် ရွာသားတဦး သေဆုံး

လက်နက်ကြီးဖြင့် ရွာထဲ ပစ်သွင်းသောကြောင့် ရွာသားတဦး သေဆုံး
by -
ရွှေဟင်္သာ

မြန်မာအစိုးရစစ်တပ် ခလရ (၁၇) သည်  ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ပစ်သွင်း သဖြင့် ရွာသား တဦး ဗိုက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး သေဆုံး သွားသည်ဟု ပါလိုင် ရွာသား တဦးက ဆိုပါသည်။

“ သေဆုံးသူ ကတော့  ဦးစံမတ် (၃၃)နှစ် ဆိုသူပါ။ တိုက်ပွဲ ဖြစ်ဖြစ် ချင်းမှာ သူရဲ့ အမျိုးသမီး နဲ့ကလေး တွေကို  အိမ်အောက်ကို အရင် ရှောင်ခိုင်းတယ်။ သူကတော့ အိမ်ပေါ်မှာ ရှိနေစဉ်မှာ ကိုဘဲ လက်နက်ကြီး ထိမှန် ပြီးတော့ မကြာ ပါဘူး ဆုံးသွား ရှာတယ်လေ” ဟု ဆိုပါသည်။

တိုက်ပွဲသည် ပါလိုင် ကျေးရွာ အနီး၌ ရှိနေသော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၂၅၆ တပ်ခွဲအား အင်အား (၇၀) ခန့် ရှိသည့်  နမ့်လန် အခြေ စိုက် ခလရ၁၇ တပ်ဖွဲ့ဝင် များက ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်လွဲ ၄ နာရီ အချိန်တွင် ၀င်ရောက် တိုက်ခိုက်ရာ  မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ် ရင်း ၂၅၆ မှ တပ်ခွဲ အရာခံဗိုလ် အိုက်မောင်း က ဆိုပါသည်။

အစိုးရ တပ်များသည် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ၁၀ ချက် ပစ်သွင်းခဲ့ ပါသည်။ ဤကဲ့သို့ ကျေးရွာ အပေါ် တိုက်ခိုက် လာမှုကြောင့် TNLA တပ်များ ၄င်းနေရာမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် TNLA တပ်များ သွားလေရာ လမ်းကြောင်းကို ပိတ်ဆို့ခြင်း။ ကျေးရွာ အနီးအနားတွင် စောင့်ပစ်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်နေရပြီး  ယခုတိုက် ပွဲသည်လည်း ပါလိုင် ကျေးရွာနှင့် နီးနေသဖြင့် ရွာသားများ ထိခိုက်မှာ စိုးသဖြင့် ဆုတ် ပေးခြင်း ဖြစ်ကြောင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးမှ ဗဟိုကော်မီတီဝင် မိုင်အိုက်ညမ်း က ဆိုပါသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ၌လည်း ကျောက်မဲ အခြေစိုက် ခမရ (၅၀၂) တပ်ဖွဲ့သည် TNLA နှင့် နမ့်ဆန်မြို့နယ် ပန်းယမ်း ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အသက် (၈၇) နှစ် အရွယ်ရှိ ဦးဘအေး ဆိုသူ ရွာသား တဦးအား အိမ်ထဲ၌ ၀င်ပြီး အကြောင်းမဲ့ ပစ်ခတ် သွားခဲ့ပါသည်။

အစိုးရ တပ်များသည် ကျေးရွာ အနီးအနား၌ တိုက်ပွဲများ ဖေါ်ကြပြီး ကျေးရွာ ထဲသို့ လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ ရွာသားများကို ပစ်သတ်ခြင်းနှင့် ရိုက်နှက် ညှင်းဆဲမှုများ နည်းလမ်းကို မကြာခဏ ကျင့်သုံး ကြသည်ဟု မိုင်အိုက်ညမ်း က ဆိုပါသည်။

ဤသို့ကြောင့်TNLA သည် ကျေးရွာနှင့် နီးသော တိုက်ပွဲ များကို အမြန် အဆုံး သတ်ပြီး နောက်ဆုတ် ပေးသည်ချည်း ဖြစ်နေရာ လောလောဆယ်  တွင်လည်း အစိုးရ ခလရ ၁၇ တပ်ဖွဲ့များ  (TNLA) တပ်ရင်း ၂၅၆ တပ်ဖွဲ့များ နောက်သို့ ထပ်ကြပ် မကွာ လိုက်လံ စစ်ဆင်လျှက် ရှိသည်ဟု ဆိုပါသည်။

TNLA သည် ကျေးရွာ စည်းရုံးရေး လုပ်ငန်း စဉ်များနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ဆက်လက် အကောင် အထည် ဖေါ်သွားမည် ဖြစ်သဖြင့်  အစိုးရ တပ်များ သည်လည်း အထက်ပါ အတိုင်း ဆက်လက် ပိတ်ဆို့ ဟန့်တား နိုင်မည်ဖြစ်ရာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိနေကြောင်း မိုင်းအိုက်ညမ်း က ဆိုပါ သည်။

TNLA နှင့်အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။ အပစ်အခတ် ရပ်စဲနိုင်ရန် သြဂုတ်လ ပထမ အပါတ်တွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆို ထားသော်လည်း အစိုးရ ဖက်မှ ၄င်းတို့အား လိုက်လံ တိုက်ခိုက် နေခြင်းကြောင့် ယုံကြည်မှု မရှိသဖြင့် TNLA ဖက်မှ တွေ့ဆုံမှုကို ရပ်တန့် ထားပါသည်။

အစိုးရ ကိုယ်စားလှယ် များသည် TNLA နှင့် မကြာမီ ၌ပင် နှစ်ဖက် ထပ်မံ တွေ့ဆုံရန် ရှိနေသည်ဟု ထုတ်ဖော် ပြောကြား နေသော်လည်း ယနေ့ အထိ တွေ့ဆုံ ဆွေးနွေးမှု မရှိ သေးကြောင်း အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်၊

ဤသို့ကြောင့်ယခု တိုက်ပွဲ အပါအဝင်  TNLA သည် အစိုးရ တို့နှင့် ဇူလိုင်လ မူဆယ် ဆွေးနွေးမှု နောက်ပိုင်း တွင် ၅ ကြိမ် မြောက် တိုက်ခိုက် ခံရခြင်း ဖြစ်သည်ဟု ဆိုပါသည်။