စက်တင်ဘာလ (၈) ရက်နေ့၌ ကျင်းပရန် ရှိသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါ၀င် တက်ရောက် နိုင်မည် မဟုတ်ဟု UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ပဒို မန်းမန်းက ဆိုပါသည်။
“ မတက်ရောက် နိုင်ဘူးလို့ UNFC ကို အကြောင်း ကြားလာ တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်နဲ့ တိုက်ဆိုင် နေလို့ ပါတဲ့။ နောက် ဖိတ်ကြား ထားတဲ့ ပြည်တွင်း တိုင်းရင်းသား အဖွဲ့တွေလည်း ရှိပါသေးတယ်” ဟု ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာ (၁၀) ရက်နေ့တွင် ၄င်း၌ ဥရောပ ခရီးစဉ် ရှိကြောင်း NLD ၏ နေပြည်တော် ပြောခွင့်ရသူ လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော်က ဆိုပါသည်။ အလားတူ UNFC သည် ညီနောင် တိုင်း ရင်းသားများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ကိုလည်း ဖိတ်ကြား ထားခဲ့ပါသည်။ ယင်းအချိန်တွင် NBF ၏ အစည်း အဝေး ကျင်းပချိန်နှင့် တိုက်ဆိုင် နေသဖြင့် မတက်ရောက် နိုင်ပါကြောင်း NBF အဖွဲ့ဝင် တဦး ဖြစ်သူ စောသန်းမြင့်က ဆို ပါသည်။
သို့သော်လည်း ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (UNA) ကမူ ယင်း ဆွေးနွေး ပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ် နှစ်ဦး စေလွှတ်မည် ဖြစ်ကြောင်း (UNA) အဖွဲ့မှ ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ စိုင်းညွန့်လွင်က ဆိုပါသည်။ ရွေးချယ် ထားသော တက်ရောက် ကြမည့် ကိုယ်စားလှယ် နှစ်ဦးမှာ မွန်ဒီမိုကရေစီ ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်သက်လွင်နှင့် ဗဟို အလုပ် အမှုဆောင် နိုင်စိုးမြင့်တို့ ဖြစ်ပြီး လေ့လာသူ အဖြစ် တက်ရောက် ကြမည် ဖြစ်ကြောင်း ဆိုပါသည်။
ထို့ပြင် UNFC အဖွဲ့ဝင် မဟုတ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကိုလည်း ဖိတ်ကြား ထားသည်ဟု ပဒို မန်းမန်းက ဆိုပါသည်။
UNFC သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့တို့နှင့် လာမည့် စက်တင်ဘာ (၈) ရက်နေ့တွင် ထိုင်းနိုင်ငံ
ချင်းမိုင်မြို့၌ နိုင်ငံရေး အရ အကြို တွေ့ ဆုံ ဆွေးနွေး ကြမည် ဖြစ်ပါသည်။
ယင်းဆွေးနွေးပွဲသို့ UNFC ဖက်မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဦးဆောင်ပြီး ကိုယ်စားလှယ် (၁၀) ဦးကျော် တက်ရောက်မည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် လည်း ယခင်က အစိုးရ နည်းပညာရှင် အဖွဲ့
(Technical Team) နှင့် ဆွေးနွေး ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံကို မူဘောင် (Road Map) ကိစ္စသာ ရှေ ့ဦးစွာ ညှိနှိုင်းကြ မည်ဟု ဗဒိုမန်းမန်းက ဆိုပါသည်။
ဤတွေ့ဆုံ ဆွေးနွေးပွဲသည် UNFC နှင့် အစိုးရတို့၏ ဒုတိယ အကြိမ် နိုင်ငံရေး အရ အကြို တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါသည်။ ပထမ အကြိမ် ကိုမူ ပြီးခဲ့သည့် နှစ်ဆန်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ပင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။