ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် ဖိလစ်ပိုင်နိုင်ငံတွင် ရာမွန်မက်ဆေးဆေးဆု တက်ရောက်ယူ

ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် ဖိလစ်ပိုင်နိုင်ငံတွင် ရာမွန်မက်ဆေးဆေးဆု တက်ရောက်ယူ
by -
မဇ္စျိမ

မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော်သည် လူမှုရေးပြုလုပ်သူများကို ပေးလေ့ရှိသည့် ၂၀၁၃ ခုနှစ် အတွက် ရာမွန်မက်ဆေးဆေးဆုကို သြဂုတ် ၃၁ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် တက်ရောက်ယူလိုက်ပြီ ဖြစ်သည်။

ဆုရရှိသူများစာရင်းကို လွန်ခဲ့သည့် ဇူလိုင် ၂၅ က စတင်ထုတ်ပြန်ခဲ့ပြီး အင်ဒိုနီးရှား၊ နီပေါ၊ အာဖဂန်နစ္စတန် နိုင်ငံမှ အခြားလူမှုရေးလုပ်ဆောင်သူများနှင့်အတူ မြန်မာနိုင်ငံမှ ဒေါ်လဖိုင်ဆိုင်းရော်ပါ ပါ၀င်ခဲ့ခြင်း ဖြစ်သည်။

ဆုပေးကော်မတီ၏ ရွေးချယ်မှုမှာ ဒေါ်လဖိုင်ဆိုင်းရော်သည် “ကြာမြင့်စွာ စစ်ဖြစ်နေသည့် ပဋိပက္ခနှင့် တိုင်းရင်းသား လူမျိုးစုများကို ခွဲခြားမှုများအကြား စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင် ပါ၀င်ခေါင်းဆောင်နိုင်မှုနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော အနာဂတ်အတွက် ပြောဆိုမှုများ၊ ပါ၀င်ဆောင်ရွက်မှုများ အကြမ်းမဖက်ရေး ယဉ်ကျေးမှုကို တိုးမြှင့် လုပ်ဆောင်ချက်များကို ပြည်တွင်းလူမှုအဖွဲ့အစည်းများအကြား တွန်းအားပေးနိုင်ခဲ့ပြီး ပျက်စီးနေသည့် လူ့အဖွဲ့အစည်း ကို ခွန်အားများပေးစွမ်းနိုင်ခဲ့ပြီး ပြန်လည် အားသစ်မွေး စေခဲ့သည်” ဟု မှတ်ချက်ပေးထားသည်။

ဒေါ်လဖိုင်ဆိုင်းရော်သည် မြန်မာနိုင်ငံတွင် လူမှုလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်သည့် မေတ္တာဖေါင်ဒေးရှင်းကို စတင်ဖွဲ့စည်းခဲ့သူဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်းပေါင်း နှစ်ထောင်ကျော်ကို ဖွဲ့စည်း ထားနိုင်နေပြီဖြစ်သည်။

မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်းများအရ လူဦးရေပေါင်း ခြောက်သောင်းကျော်ကို အမျိုးသမီးအခွင့် အရေးဆိုင်ရာ သင်တန်းများ၊ အကြမ်းမဖက်ရေး လှုပ်ရှားမှုများနှင့် စေ့စပ်ဆွေးနွေးရေးများတွင် ပါ၀င်လာနိုင် အောင် ပြုလုပ် နိုင်ခဲ့သည်ဟု ဆိုသည်။

ရာမွန်မက်ဆေးဆေးဆုကို ၂၀၀၂ ခုနှစ် အတွက် ဒေါက်တာစင်သီယာမောင်က ဖိလစ်ပိုင်နိုင်ငံမှ ဟီလာရီ ယိုဂျီဒါဗိုက်ဂျူနီယာ၊ ပါကစ္စတန်မှ ရုသ်ဖာအု၊ နီပေါနိုင်ငံမှ ဘာရက်ကွိုင်ရာလာ၊ အိန်္ဒိယနိုင်ငံမှ ဆန်္ဒိပန်ဒေ တို့နှင့်အတူ ရရှိခဲ့သည်။

Most read this week