ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထုအမြင် ရယူရန် ရှင်းလင်းပွဲ တရပ် KNU ကျင်းပ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထုအမြင် ရယူရန် ရှင်းလင်းပွဲ တရပ် KNU ကျင်းပ
by -
ရွှေဟင်္သာ

အပစ်အခတ် ရပ်စဲရေးမှ ရရှိထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ များအား တင်ပြပြီး လူထု ဆန္ဒ ရယူရန် ဆန္ဒ ခံယူပွဲ တရပ်ကို ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မယ်လ ဒုက္ခသည် စခန်းတွင် ယမာန်နေ့ နံနက်ပိုင်း၌ ကျင်းပ ခဲ့သည်ဟုစည်းရုံး လှံု ့ဆော်သူ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟို ကော်မီတီဝင် ပဒို စောလှထွန်းက ဆိုပါသည်။

“ KNU ကတော့ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းနေတော့ အဲဒီ အခြေအနေတွေကို တင်ပြ ခဲ့ပါတယ်။ ပြီးတော့ လောလောဆယ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြန်ပို့ရေး ကိစ္စ၊မြေယာ အဓမ္မ သိမ်းဆည်းနေတဲ့ ကိစ္စ၊ ဖွ့ံဖြိုးရေး ကိစ္စနဲ့ စီးပွားရေး ကိစ္စတွေကို ချပြပြီး လူထု ဆန္ဒ ခံယူတဲ့ပွဲပါ” ဟု ဆိုပါသည်။

phophtawphoto

ယင်းဆန္ဒ ခံယူပွဲသို့ ဒုက္ခသည်များ၊ ဆရာ ဆရာမ၊ စခန်း ကော်မတီများ၊ CBO ခေါင်းဆောင်များ၊ KNU တပ်မဟာ(၇) အုပ်ချုပ်ရေး မှူးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကရင် အမျိုးသားနှီးနှော ဖလှယ်ပွဲ ကျင်းပရေး ကော်မတီ ၀င်များ၊ လူမှု အဖွဲ့အစည်းနှင့် လူမျိုးစုံ တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း လူထု (၃၀၀) ခန့် တက်ရောက် ခဲ့ပါသည်။

KNU သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ ကြောင်း၊ ထို့အပြင် ပြန့်ကျဲနေသည့် ကရင်လူမှု အဖွဲ့အစည်း များကို ပြန်လည် စုစည်းရန် ကရင် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကိုလည်း တချိန်ထဲတွင် တည်ဆောက် နေကြောင်း အပြင် လောလောဆယ် ရင်ဆိုင် နေရသည့် ဒုက္ခသည် ဆိုင်ရာ ပြသနာများ၊ မြေယာ သိမ်းဆည်း ခံနေရခြင်း ကိစ္စ၊ ဖွ့ံဖြိုးရေး ကိစ္စနှင့် စီးပွားရေး ကိစ္စ အခြေအနေ များကို တင်ပြကြ ပါသည်။

ဤအကြောင်းအရာ များကို KNU ဗဟို ကော်မတီဝင်များ ဖြစ်ကြသော ပဒို စောဒေါ်လေမူး၊ ပဒို စောအယ်က လုစေးနှင့် ပဒိုစောလှထွန်းတို့က ဦးဆောင် ဆွေးနွေး ခဲ့ပါသည်။ KNU သည် လက်နက်ကိုင် လမ်းစဉ်ဖြင့် ချီတက် နေဆဲ ဖြစ်ပြီး တဖက်တွင် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ကျင့်သုံး သွာမည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ယခု ကျင်းပသော လူထု ဆန္ဒခံယူ ပွဲသည် အခြေအနေ အရပ်ရပ်ကို သိစေလိုပြီး၊ အကောင်းဆုံး  ဖြစ်လာရန် မည်သို့ ဆောင်ရွက် ကြမည်ကို အကြံဉာဏ် ရယူခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။
တက်ရောက်သူ များကမူ ကွဲပြားနေသော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည် ညီညွတ်ရေးနှင့် ဒုက္ခသည်များ ပြန်ပို့ရေး အခြေအနေ များကို ပိုမို စိတ်ဝင်စားကြောင်း ဆိုပါသည်။

ဒုက္ခသည်များ နေရပ် ပြန်ပို့ရေးတွင် ထိုင်းနိုင်ငံ၏ သဘောထားနှင့် ရရှိ ထားသည့် အချက်အလက်များ၊ ဒုက္ခသည် ထောက်ပံ့မှု စနစ်နှင့် ရိက္ခာ လျှော့ချမှု အခြေအနေများအား တင်ပြ သွားခဲ့ သည်ဟု ကရင် ဒုက္ခသည် ကော်မီတီ (KRC) ၀င် တဦးက ဆိုပါသည်။

KNU အနေဖြင့်လည်း ဒုက္ခသည် ပြန်ပို့ရေး အဆင့်ထက် အခြေအနေ တင်ပြနေခြင်း ဖြစ်ပြီး အကြံဉာဏ် ရယူသည့် အစီအစဉ် ဖြစ်ကြောင်း ဆိုပါသည်။ ဒုက္ခသည် များကမူ ပြန်လည် နေရာ ချထားရေး၌ နေရပ်ရင်း ဖက်ကို ပြန်ပို့ရေးထက် နေရာဒေသ သတ်မှတ်ပြီး နေရာ ချထားသည့် ပြသနာ၊ နေရပ်ရင်း ပြန်လိုသူများ ကလည်း မြေယာ၊ အိမ်ယာ မရှိတော့သည့် ပြသနာများကို တင်ပြကြပါသည်။

KNU သည် ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်ကို ပြည်သူ လူထုတွေ သိရှိနိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း၊  ဒုက္ခသည် များ၏ တင်ပြ ထားသည့် အကြံပြုချက်နှင့် မေးမြန်းချက် များအား အခြေခံပြီး အကောင်အထည်ဖေါ် လုပ်ဆောင် သွားရန် ရှိသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် သတင်းအမှန် ရရှိရေးကို အမြင်ဖလှယ် ကြပြီး  လက်တွေ့ အကောင်အထည် ဖေါ်ရာတွင်လည်း လူထုများနှင့် KNU တို့ ပူးပေါင်းပြီး နိုင်ငံတကာ စံချိန် စံနှုန်း နှင့်အညီ ရရှိ လာရေးကို ဆောင်ရွက်နိုင်မည် ဟု ဆွေးနွေး ခဲ့ကြပါသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ရရှိထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် အခြေအနေ များကို ကရင် လူထုအား စဉ်ဆက် မပြတ် ရှင်းလင်း တင်ပြ လာခဲ့ ပါသည်။

အထူးသဖြင့် လူထုနှီးနှော ဖလှယ်ပွဲများ၊ ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး လုပ်ငန်းများ၊ လူထု ရှင်းလင်းပွဲများနှင့် ဆန္ဒ ခံယူပွဲများ ကျင်းပ လာခဲ့မှာ (၁၀) ကြိမ် ထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါသည်။