ရခိုင်တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်းစာအုပ်များကို အစိုးရကျောင်းများသို့ ပေးပို့လျက်ရှိနေပြီဖြစ်ပြီး ထိုသင်ရိုးကို ကျောင်းသားများ စတင်သင်ကြားမည့် အချိန်ကာလကိုမူ တိကျစွာ မဆုံးဖြတ်ရသေးကြောင်း သြဂုတ် ၂၈ ရက်က ရခိုင်စာသင်ရိုးညွှန်းတမ်းရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။
ကျောင်းသားများကို စတင်သင်ကြားမည့်အချိန်အား မသတ်မှတ်သေးသည်မှာ ကျောင်းဆရာလက်စွဲစာအုပ် မပြီးစီးသေးခြင်း၊ သင်ကြားမည့် ဆရာများကိုလည်း လမ်းညွှန်သင်တန်းများ မပို့ချရသေးသဖြင့် ဖြစ်သည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်လည်းဖြစ်သည့် ဦးလှသိန်းက ဆက်ပြောသည်။
အဖွဲ့ဝင် ၂၇ ဦးပါ ရခိုင်စာသင်ရိုးကော်မတီသည် မတ် ၉ ရက်မှစ၍ ဧပြီ ရ ရက်အတွင်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း တို့အတွက် သင်ရိုးများ ရေးဆွဲခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပုံနှိပ်ခဲ့ကြောင်း သူကဆိုသည်။
ကနဦးက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လအမီ ရခိုင်ဘာသာကို သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အဆင့်ဆင့်ဆောင်ရွက်နေရ၍ ယခုကဲ့သို့ ကြန့်ကြာနေရခြင်းဖြစ်သည်ဟု ရခိုင်ဘာသာ သင်ရိုးကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ဆိုသည်။
ရခိုင်ဘာသာကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်မည်ဟု အဆိုပြုထားသော်လည်း ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ ကျောင်းများ၌သာ ယခုပညာသင်နှစ်တွင် သင်ကြားဦးမည်ဖြစ်ပြီး နောင်နှစ်များတွင် အခြားဒေသများမှ အဆိုပြုလာလျှင်မူ ဆက်လက် သင်ကြားရန် စီစဉ်မည်ဟုလည်း ဦးလှသိန်းက ရှင်းပြသည်။
ယခုနှစ်အတွက် ရခိုင်ဘာသာသင်ရိုးစာအုပ်ပေါင်း နှစ်သိန်းကျော် ပုံနှိပ်မည်ဖြစ်ရာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းပေါင်း ၂၅၀၀ ကျော်သို့ သူငယ်တန်းကျောင်းသား ၈၄,၀၀၀ခန့်၊ ပထမတန်း ကျောင်းသား ရ၉၀၀ ကျော်၊ ဒုတိယတန်း ကျောင်းသား ၅၅,၀၀၀ တို့ ရခိုင်ဘာသာ သင်ကြားရန် စာရင်းပေးသွင်းထားရာ စာသင်သားစုစုပေါင်း ၂၂၀,၀၀၀ ခန့် ရခိုင်ဘာသာ သင်ကြားကြမည်ဖြစ်ကြောင်း ပညာရေးဌာနမှ စုံစမ်းရရှိသည်။
ရခိုင်ဘာသာ သင်ယူမည့် ကျောင်းသားစာရင်းကို ကျောင်းဖွင့်စ ကာလကပင် ကောက်ယူထားရှိပြီး၊ ကျောင်း တစ်ခုတွင် ကျောင်းသား ၃၀ ရှိလျှင်် ဆရာတစ်ဦးစီကို သီးသန့်ငှား၍ သင်ပေးမည်ဖြစ်ကာ ထိုဆရာအတွက် လစာကို အစိုးရက ပေးသွားမည်ဟုလည်း ဦးဇော်ဝင်းနိုင်က ရှင်းပြသည်။
သို့သော် ပညာရေးဝန်ကြီးဌာနမှ ရခိုင်ဘာသာကို ကျောင်းချိန်ပြင်ပတွင် သင်ကြားရန်နှင့် မယူမနေရမ ဟုတ်သည့် အပိုဘာသာရပ်တစ်ခုအဖြစ်သာ သင်ကြားရန် သတ်မှတ်ထားပြီး ထိုကိစ္စကိုလည်း ရခိုင်သမိုင်း သုတေသီ အချို့က ဘဝင်မကျ ဖြစ်နေကြသည်။
နှစ်ပေါင်း ၂၂၈ နှစ်ကြာ ရခိုင်စာပေကို ကျောင်းသင်ခန်းစာ၌ သင်ကြားခွင့်မရ ဖြစ်နေခဲ့ရာမှ ယခု သင်ခွင့် ရသည့် အပေါ် ကြိုဆိုသော်လည်း၊ ရခိုင်ဘာသာကို အပိုသင်ဘာသာအဖြစ် သင်ကြားရန်သာ သတ်မှတ်ထားသည့် စည်းမျဉ်းကိုမူ ပြန်လည်စဉ်းစားသင့်ကြောင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး ကော်မတီဝင်ဆရာတော် ဦးကုသလက မိန့်သည်။