ဆေးရုံတွင် ဆရာဝန်မရှိ၍ လူနာများ ဆေးကုသရန် အခက်အခဲဖြစ်

ဆေးရုံတွင် ဆရာဝန်မရှိ၍ လူနာများ ဆေးကုသရန် အခက်အခဲဖြစ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံရောက်  လူနာများမှာ အခက်အခဲကြံုတွေ့နေကြရကာ  တခြားမြို့သို့ ပို့ဆောင်ကုသနေရသည်ဟု ဘောလခဲမြို့ ခံများကပြောပါသည်။

 အသက်သုံးဆယ်ခန့်အရွယ် ဒေသခံ အမျိုးသမီးတဦးက   "ခုဆရာဝန်က မရှိတော့ နည်းနည်းလေးဖြစ်လည်း လွိုင်ကော်ပို့ နေတာဆိုတော့ စရိတ်တွေကကုန်တာ မနည်းဘူး။ ဒီမြို့မှာ ဒီလောက်ဆေးရုံ အကြီးကြီး ဆောက်ထားပြီးတော့ ကိုယ့်မြို့မှာ ကုလို့မရဘဲ လွိုင်ကော်ကို ပဲသွားနေရတာဆိုတော့ ကျမတို့လို ဆင်းရဲသားတွေ အတွက်ကတော့ အရမ်းကို အခက်ခဲဖြစ်နေတာပါ" ဟု ပြောပါသည်။

ဘောလခဲမြို့ရှိ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးသည် အဆောက်အဦးများ အသစ်ထပ်မံ ဆောက်လုပ် ထားပြီးဖြစ်သော်လည်း ဆရာဝန်များ လုံလုံလောက်လောက်မရှိခြင်း၊ အပြောင်းအရွှေ့များခြင်း တို့ကြောင့် ယခုအခါ ဆရာဝန်လစ်လပ်နေသည်ဟု သိရသည်။

တာဝန်ထမ်းဆောင်ရန် တာဝန်ကျသည့် ဆရာဝန်မှာလည်း လာရောက်တာဝန်ထမ်းဆောင် ခြင်းမရှိဘဲ နုတ်ထွက်သွားသည်ဟု သိရသည်။

ဆေးကုသမှုခံယူနေကြရသည့် လူနာများကိုလည်း တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှု မလုပ်ပေးနိုင်ပဲ လွိုင်ကော်မြို့သို့သာ လွှဲပြောင်းပေး ကြောင်း၊ လက်ရှိတွင် သွားဆရာဝန်တဦးတည်းသာရှိကြောင်း တခြား အရေးအရေးပေါ်ကုပေးမည့် ဆရာဝန်မရှိကြောင်း ပြောသည်။

ဆေးဝါးများ အခမဲ့ကုသပေးလျက်ရှိနေသော်လည်း ဘောလခဲမှ မိုင် ၅၀ ကျော်ဝေးသည့် လွိုင်ကော်ဆေးရုံသို့ ဆေးကုသ ရန်အတွက် လမ်းပန်းဆက်သွယ်ရေးအရ သွားလာရန် အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။

ဘောလခဲမြို့ပြည်သူ့ဆေးရုံကြီးသည် ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာများသာမက တခြား ဖားဆောင်းမြို့နယ်၊ မဲစဲ့မြို့နယ် နှင့် မော်ချီးဒေသဘက်များမှ ဒေသခံများကလည်း လာရောက်ကုသလျက်ရှိသည်ဟု သိရသည်။

Most read this week