ကလေး တပ်သား များ၏ ဘဝကို ILO ပြန်လည် ထူထောင်ပေးရန် စတင်

ကလေး တပ်သား များ၏ ဘဝကို ILO ပြန်လည် ထူထောင်ပေးရန် စတင်
by -
ရွှေဟင်္သာ

ကလေး တပ်သား များ၏ ဘဝ ရှင်သန် ရပ်တည်ရေးအား ပြန်လည် ထူထောင် ရာတွင် လိုအပ်သော အချက်အလက်များ ရရှိရန် ကွင်းဆင်း လေ့လာ မှုများ ပြုလုပ် ပြီးမှ ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များ စတင် သွားမည်ဟု ရန်ကုန် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှ စီမံကိန်း နည်းပညာပိုင်း ဆိုင်ရာ အရာရှိ မစ္စတာ မက်ကာဆန်မှ ဆိုပါသည်။

“လောလောဆယ်မှာတော့ အချက်အလက်တွေ ရှာဖွေ စုဆောင်းရေးနဲ့သုသေတန ပြုတဲ့ အဆင့်မှာပဲ ရှိနေ ပါသေးတယ်၊ အဲဒါ စက်တင်ဘာ တတိယ အပါတ်လောက်မှာမှ ပြီးနိုင်မယ်လို့ ခန့်မှန်းတယ်၊ ဒီတော့ အဲဒီ နောက်ပိုင်း ကျမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင် သွားနိုင်မယ်” ဟု ဆိုပါသည်။

ILO ၏ စီမံကိန်းနှင့် နည်းပညာပိုင်း ဆိုင်ရာ အဖွဲ့သည် ထိုသုတေသန ကွင်းဆင်း လေ့လာချက် များမှ ရရှိသည့် အချက်အလက် များအား ILO ရုံးချုပ် ထံသို့ ပေးပို့သွားမည် ဖြစ်သည်။

ဤစီမံကိန်းသည် စစ်အစိုးရ အုပ်စိုးစဉ် ကာလ၌ ကလေး စစ်သား အဖြစ် စုဆောင်းခြင်း ခံရပြီး တပ်စခန်း အသီးသီး၌ စစ်မှု ထမ်းနေရသည့် ကလေး တပ်သားများ၏ ဘဝ ရှင်သန် ရပ်တည်ရေးကို ဦးစားပေးသော စီမံကိန်း ဖြစ်ကြောင်းသိရသည်။

အထူးသဖြင့် ကလေး တပ်သား များသည် အရပ်ဘက်သို့ ကူးပြောင်းရာ၌ ၄င်းတို့၏ ဘဝ ရှင်သန် ရပ်တည်ရေး၊ အရပ်ဘက် လူ့အသိုင်း အဝိုင်းနှင့် သဟာဇာတ ဖြစ်ရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာရပ်များကို သင်ကြား ပေးသော စီမံကိန်း ဖြစ်ပါသည်။

သို့သော်လည်း ယင်းစီမံကိန်းသည် ငွေကြေး မြောက်မြားစွာ ကုန်ကျမည် ဖြစ်သည့် အတွက် နိုင်ငံတကာ၏ အကူအညီ ပေးမှုလည်း လိုအပ်နေသဖြင့် ILO မှ ညှိနှိုင်း ဆောင်ရွက် သွားရန် ရှိကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ယင်းစီမံကိန်း ကို ၂၀၁၄ ခုနှစ်ဆန်းမှ စတင်နိုင်မည်ဟု မစ္စတာ မက်ကာဆန်မှ ဆိုပါသည်။

ကုလ သမဂ ္ဂလုံခြုံရေး ကောင်စီနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) တို့သည် မြန်မာ့ တပ်မတော်တွင်း ကလေးစစ်သား တည်ရှိ နေမှုကို နှတ်ထွက် ခွင့်ပြုရန် တောင်းဆို ခဲ့ပါသည်။ ဤသို့ကြောင့် မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများကို (၄) ကြိမ်ခန့် နှုတ်ထွက်ခွင့် ပြုခဲ့ပြီး စုစုပေါင်း ကလေး စစ်သား ၁၇၆ ဦးနှုတ်ထွက် ခွင့် ရခဲ့ပါသည်။ ဤသို့ကြောင့်  ILO သည် ဤကလေး စစ်သား များ၏ ဘဝကို ပြန်လည် ထူထောင်ရန် လိုအပ် လာခြင်း ဖြစ်ပါသည်။

 မြန်မာနိုင်ငံသည် အရွယ် မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး သဘော တူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ (၂၇) ရက်နေ့တွင် (UN CTFMR) နှင့် လက်မှတ် ရေးထိုး ထားပြီး ဖြစ် ပါသည်။

 မြန်မာ့ တပ်မတော်၌ ကလေး စစ်သား မည်မျှ ရှိသည်ကို စာရင်း ဇယားဖြင့် အတိအကျ သိရှိနိုင်ရန်မှာ ခဲယဉ်း လှပါသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်ခန့်၌ ကလေး စစ်သား စတင် လွှတ်ပေးသေးခြင်း မရှိသေးသည့်အခြေအနေတွင် မြန်မာ့ တပ်မတော်၌ စစ်မှု ထမ်းနေသည့် အရွယ် မရောက်သည့် ကလေး စစ်သား (၅၀၀၀) နီးပါးခန့်ရှိမည်ဟု မစ္စတာ မက်ကာဆန်က ဆိုပါသည်။