ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင် (၁၅၀၀)ကျပ်တန် CDMA 800 MHz မိုဘိုင်းဖုန်းလိုင်း ပြတ်တောက်နေသဖြင့် ဆက်သွယ်ရေး အခက်အခဲနှင့် ကြံုတွေ့နေကြရသည်ဟု ဒေသခံ လူငယ်အမျိုးသား တဦးက ပြောသည်။
မြို့ပေါ်တွင် ဌာနဆိုင်ရာများ၌ IP star ဖုန်းလိုင်းများကို အသုံးပြုခဲ့ကြပြီး တခြားဆက်သွယ်ရေးအတွက် တန်ဖိုးနည်း CDMA 800 MHz (၁၅၀၀) ကျပ်တန်ကို စတင် အသုံးပြုနေကြခြင်းဖြစ်သည်။
ဒေသခံအမျိုးသားလူငယ်တဦးက "ကျနော်တို့က စီးပွားရေးဘက်မှာကော လူမှုရေးဘက်တွေမှာကော ၊ သာရေးနာရေး တွေ မှာကောပေါ့။ အားလုံးပေါ့ ဒီ (၁၅၀၀) တန် ဖုန်းတွေကို အဓိက အသုံးပြုနေရတာပေါ့နော်။ အရင်ကဆို အိတ်ချိန်းရုံးမှာ သွားဆက်ရတယ်။ အကြာကြီးစောင့်နေရတယ။ တစ်မြို့လုံးက ဒါလေးပဲရှိတာလေ" ဟုပြောသည်။
ဘောလခဲမြို့သည် ဆက်သွယ်ရေး ကဏ္ဍတွင် များစွာ အခက်ခဲရသဖြင့် ယခု တန်ဖိုးနည်း ဖုန်းချပေးပြီးနောက် ဆက်သွယ်ရေးအတွက် အနည်းငယ် အထောက်အကူ ပြုလာခဲ့သည်ဟုဆိုပါသည်။ CDMA မိုဘိုင်းဖုန်း များအတွက် ဖုန်းတိုင် မရှိသေးသဖြင့် စစ်တပ်မှ ဆက်သွယ်ရေးဧရိယာတိုင်ဖြင့်သာ အသုံးပြုကြရသည်ဟု သိရသည်။
သို့သော် သြဂုတ်လ (၂၅) ရက်နေ့မှစပြီး ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားပြန်ကြောင်း သိရသည်။