သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏ ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။
ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - “ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလတုန်းက ကချင် KIA တပ်ကို မြန်မာစစ်တပ်က တပ်မ ၁၀ ခု သုံးပြီး တိုက်ခိုက်ရတယ်။ ၄ လ အတွင်း တိုက်ပွဲပေါင်း ၃၅၅ ကြိမ်ဖြစ်ပွါးခဲ့တယ်။ ဒီအထဲမှာမှ အပြင်း ထန်ဆုံးတိုက်ပွဲက ၉၅ ကြိမ်ရှိပါ တယ်။ ၄ လ အတွင်း သေကြေဒဏ်ရာရတဲ့ တပ်သား ၁၀၀၀ ကျော်ပါတယ်။ အခုလို ဆုံးရှုံးမှုများပြား တာဟာ တပ်မတော် အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေ မကျွမ်းလို့ အတွေ့ အကြုံနည်းပါးလို့ဖြစ်ရ ပါတယ်။ သို့သော် လက်နက်ကြီးတွေသုံး၊ ဝေဟင်က အင်အားတွေကိုသုံးတိုက်ပြီး တပ်စခန်းအားလုံးကိုသိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပါရှိပါသည်။
ရမခတိုင်း၏ ပဌမ ၄ လပတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ရ ရက်နှင့် ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်စာ၊ မှာကြားစာကိုတိုင်းမှူးကဖတ်ပြရာတွင် - ၁- ရမခတိုင်းအတွင်း ကေအိုင်အေ တပ်မဟာ ၄ ၊ ကိုးကန့် (ဖုံကြားရှင်းလက်ကျန်တပ်)တို့အား ခေါင်းပြန်မထောင်နိုင်အောင် ရှင်းလင်းတိုက်ခိုက် ပစ်ရမည်။ ၂- နောင်ချိုမှ တရုတ်နယ်စပ်အထိ အသွားလမ်းတလျှောက် လှုပ်ရှားနေသည့် လက်နက်ကိုင် တိုင်း ရင်းသားတပ်ဖွဲ့များအား စခန်းမချနိုင်အောင် ရှင်းလင်းပစ်ရန်။ (အဆိုပါ ဒေသတွင် RCSS/SSA, SSPP/SSA, KIA,TNLA) တို့လှုပ်ရှားနေပါသည်။ ၃- သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက် မြန်မာစစ်တပ် တပ်စခန်းများ အခိုင်အမာချထားရန်နှင့် ကားလမ်းကိုလည်း သုံးရာသီသုံးနိုင်သည့်ကားလမ်းဖြစ်အောင် ပြုပြင်ထားရန်။ ၄- ရခိုင်ပြည်နယ်မှ တရုတ်ပြည် သွယ်တန်းသည့် ဂက်စ်ပိုက်လိုင်း လုံခြုံရေးကို တင်းကျပ်ချစွာထားရန်၊ ရွှေလီရေ အားလျှပ်စစ်စီမံကိန်းကိုလည်း လုံခြုံရေးချထားရန် - အစရှိအရေးကြီး အချက်များအပါအဝင် အချက်အများ အပြား ပါရှိကြောင်း ဆိုပါသည်။
မြန်မာ့တပ်မတော် ၄ လပတ်ထိပ်သီး အစည်းအဝေးကို ဂျန္နဝါရီတွင်တကြိမ်၊ မေလတွင်တကြိမ်နှင့်စက်တင် ဘာတွင်တကြိမ် တနှစ်သုံးကြိမ် ကျင်းပကြောင်း သိရပါသည်။ ထိုအစည်း အဝေး များ ပြီးဆုံးပြီးနောက်ပိုင်း အစည်းအဝေးတက်ရောက်သည့်စစ်ခေါင်းဆောင်များ သက်ဆိုင်ရာမိမိတိုင်းဌာနချုပ်သို့ပြန်၍ ပြန်လည် ရှင်း လင်းပြသသည့်အစည်းအဝေး ထပ်မံကျင်းပကြရကြောင်းလည်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။
သို့သော် မြန်မာအစိုးရနှင့် ကချင်တပ်မတော်တို့ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ အချက် ရ ချက်ပါ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအနက် ၁- လက်ရှိ တိုက်ပွဲများလျှော့ချရေး၊တိုက်ပွဲမဖြစ်ရန်ရှောင်ရှားရေး ၂- မြစ်ကြီးနား မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ( ဂျူလိုင်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ပြီး) တို့လည်းပါဝင်သည်။ သို့သော် ယနေ့တိုင် ရင်ဆိုင်တိုက်ပွဲများဆက်ဖြစ်ပွါးနေဆဲဖြစ်ပါသေးသည်။