ဒို့ခေတ်ရောက်ပြီး လယ်သမား ချမ်းသာတော့မည်

ဒို့ခေတ်ရောက်ပြီး လယ်သမား ချမ်းသာတော့မည်
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုးရေး တောင်သူများ၊ လယ်ကူလီ ဘဝ ရောက်ခဲ့သည်မှာ နှစ်ပေါင်း ရာစုဝက် နီးနီးဖြစ်လာခဲ့ ပါသည်။ ချစ်တီးခေတ်၊ မြန်မာ့ ဆိုရှယ် လမ်းစဉ် ပါတီခေတ်၊ စစ်အစိုးရမြေသိမ်း စနစ်ခေတ် ဟူ၍ ကာလ ရှည်လျားစွာ အလူးအလဲ ခံလာခဲ့ရပါသည်။ လယ်ယာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံ ဖြစ်သည်နှင့် အညီ အမျိုးမျိုးသော ခေတ်စနစ် များက လယ်ယာ တောင်သူများ အပေါ် မည်သို့ ဖိနှိပ် သွေးစုတ် လာခဲ့သည်ကို လယ်ယာ တောင်သူများမှ အသိဆုံး ဖြစ်ပါသည်။

လက်ရှိတွင် လယ်သမားများသည် စစ်အာဏာရှင်များ၏ မြေသိမ်း စနစ်၌ အလူးအလဲ ခံစားနေရဆဲ ဖြစ်ပါသည်။ စစ်တပ်မှ မြေသိမ်းခြင်း၊ စစ်အာဏာရှင် ခရိုနီများမှ မြေသိမ်းခြင်း၊ အစိုးရ ယန္တယား ဌာနများမှ မြေသိမ်းခြင်းကြောင့် တောင်သူများ မြေမဲ့ ယာမဲ့ ဖြစ်ကာ အလူးအလဲ ခံစား နေရသည့်ဘဝ မှနိုးထရန် တန်ပြန် တော်လှန်ရေး ဆင်နွှဲနေရသော ခေတ်ကာ လသို့ ဆိုက်ရောက် လာပြီး ဖြစ်သည်ဟု ယူဆမိပါသည်။

လယ်သမားများသည် ဤဘဝမှ ရုန်းထွက်ရန် နည်းလမ်းများ ရှိပါလား။ ရှာဖွေ တွေ့ရှိ နိုင်ပါသလား။ ဖြစ်လာနိုင်ခြေ ရှိဦးမှာလား ဆိုသည်ကို နေ့စဉ်နှင့်အမျှ စဉ်းစားတွေးတော နေရပါသည်။ ဤအခြေအနေမှ ယနေ့အချိန်ခါ သမယတွင် မြန်မာနိုင်ငံ၌ ခေတ်ပြောင်း တော်လှန်ရေး စတင် လာခဲ့ပါပြီး။ ခေတ်မမှီ တော့သည့် စနစ်တရပ်ကို အာဏာရှင်များ ကိုယ်တိုင် နိုင်ငံတကာ ဖိအားကြောင့် ပြုပြင် ပြောင်းလဲ လာရပါပြီး။ (ငြင်းစရာမရှိပေ။)

ကဲ စနစ်ပြောင်း တော်လှန်ရေးသည် လယ်သမားတို့၏ မျက်မှောက်သို့ ဒီရေအလား မျက်ဝါးထင်ထင် ကျရောက်လာပါ ပြီး။ ဤအပြောင်းအလဲကြောင့် တောင်သူ လယ်သမား များသည် မိမိတို့ ခံစားနေရသည့် နစ်နာမှုများကို ပြန်လည် နှိုးဆွသည့်အလား အခွင့်အရေး ရလာသည့် အတွက် ဆန္ဒပြခြင်း၊ တောင်းဆိုမှုများ ဖြစ်လာခြင်း၊ အသိမ်းခံထားရသည့် လယ်မြေများ ပြန်ရလိုခြင်း စသည့် လှုပ်ရှားမှုများ မျက်ဝါး ထင်ထင် တွေ့မြင်လာနေရပါသည်။

တောင်သူ လယ်သမားများ၏ အရေးသည် ဆန္ဒပြခြင်း၊ တောင်းဆိုခြင်းဖြင့် အာမခံ ပေးနိုင်ပါ၏လော ဆိုသည်မှာ လယ်သမားများ စဉ်းစားရန် လိုအပ်လာသည်ဟု ထောက်ပြ ချင်ပါသည်။ လယ်သမား များအား ဥပဒေဖြင့် အခွင့်အရေး ပိတ်ပင်ခြင်း၊ယင်းဥပဒေကို အာဏာရှင် ယန္တယားဖြင့် နှိပ်ကွပ်ထားခြင်း၊  ထောင်သွင်း အကျဉ်းချသည့် နည်းဖြင့် အရေးယူ ခြင်းများဖြင့် ခံလာခဲ့ရပါသည်။

ဤသည်ကို ထောက်ရှုခြင်း အားဖြင့် လယ်သမား ရပိုင်ခွင့် အခွင့်အရေးများ၊ အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများသည် ဥပဒေနှင့် ပြဌာန်းထား ပါမှ သားစဉ် မြေးဆက် အဆက်ဆက် တိုင်အောင် အာမခံချက် ရှိသော အခွင့်အရေးမျိုးကို ခိုင်မာစွာရရှိမည်ဖြစ်သည်။ အဆက်ဆက်သော အစိုးရများသည်လည်း လယ်သမားများ အပေါ် ဥပဒေဖြင့် အခွင့်အရေးများကို ပိတ်ပင် ထားခဲ့ခြင်း ဖြစ်ပါသည်။

ခေတ်ပြောင်းပြီး၊ အာဏာရှင်များ မဆုတ်ချင် ဆုတ်ခွာခဲ့ရပြီး။ သို့သော် သတိတရားနှင့် ဆုတ်ခွာ နေကြသည်။ ဤအခြေအနေကို အမိအရ လယ်သမားများ ရယူတတ်ရန် အထူး လိုအပ်လှပါသည်။ လက်ရှိတွင်လည်း အာဏာရှင် များသည်လက်နက်အစား ဥပဒေပြုရေး အာဏာကို အတင်း ဖက်တွယ်ပြီး လွှတ်တော်ဖွဲ့ပြီး ဥပဒေ ပြုနေပါသည်။ ဤနေရာတွင် မပြောင်းချင်ဘဲ ပြောင်းခဲ့ရသည်။ အကြောင်းမှာ ILO ၏ ပိတ်ဆို့မှု နှင့် အနောက် နိုင်ငံများ၏ ၀ိုင်းပယ်မှုဒဏ်ကို မခံနိုင်ခဲ့ခြင်းကြောင့် ဖြစ်လာခဲ့ရပါသည်။ ဤကဲ့သို့ မပြောင်းချင်ဘဲ ပြောင်းခဲ့ရသည့် အခြေအနေတွင် အလျှော့ပေးမှု တချို့ (အပေးအယူ တချို့) ပြုလုပ် ခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤသည်ကား အဘယ်နည်း???

ဤအခြေအနေသည် လယ်သမားများ အတွက် ချမ်းသာခြင်း အစဟု ဆိုနိုင်ပါသည်။ သို့သော် လယ်သမား များသည် အနှစ်နှစ် အလလ ခံစားခဲ့ရသည်ကို အောက်အီးပြီး နည်းပရိယာယ် တချို့ ကျင့်သုံးရမည်ဖြစ်သည်။ လယ်သမားများအတွက်အာမခံချက် ရှိသော ဥပဒေ၊ လယ်သမား အခွင့်အရေးများ ဘယ်လို ရယူမည်နည်း??။ စဉ်းစားတတ်ရန် အရေး ကြီးပါသည်။

အာဏာရှင်များ နောက်ဆုတ် ပေးခဲ့ရသော အကြောင်းအရာများအနက် လယ်သမားနှင့် ပါတ်သက်သော အခွင့်အရေး တခု ရရှိလိုက်သည်မှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုပင် ဖြစ်သည်။ ယခင်ကာလများတွင် အစိုးရ အဖွဲ့အစည်းမှ တပါးမည်သည့်အဖွဲ့အစည်းမှ ဖွဲ့စည်းခွင့်မရခဲ့ပေ။

အာဏာရှင်များသည် မပြောင်းချင်ဘဲ ပြောင်းခဲ့ရသော်လည်း သတိရှိရှိပင် ပြုပြင်ပြောင်းလဲ ရေးကို ဖေါ်ဆောင်ခဲ့ပါသည်။ ဤသို့ကြောင့် ၄င်းတို့ ပြုပြင် ပြောင်းလဲစတွင် ပေါ်ပေါက် လာသော ဆန္ဒပြမှုများကို အစီအစဉ် ရှိရှိ နှိပ်ကွပ်ခဲ့ပါသည်။

(ကြေးနီတောင်နှင့် အခြား လယ်သမား အရေးများ)

ဤအချိန်မျိုးတွင် လယ်သမားများ သတိ ရှိကြစေရန် လိုအပ်ပါသည်။ ဤသို့ကြောင့် ရရှိလာသော လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ၄င်းတို့ ချမှတ် ထားသော ဥပဒေများနှင့် အညီ အခိုင်မာဆုံး ဖြစ်စေရန် တည်ဆောက်ကြရန် လိုပါသည်။ ဤသည်ဥပဒေဖြင့် အကာအကွယ် ရရှိရေး နည်းလမ်းပင် ဖြစ်ပြီး ပထမ အဆင့် အဖြစ် တည်ဆောက် ထားရပါ မည်။

ဤသို့ကြောင့် မိမိတို့ဒေသတွင် ဥပဒေနှင့် အညီ လယ်သမား သမဂ္ဂများ ဖွဲ့စည်း ထားခဲ့ပြီးလား ဆန်းစစ်ရန်လိုပါသည်။ သမဂ္ဂ ဖွဲ့စည်းပုံ အရ ကျေးရွာကို အခြေခံ ဖွဲ့စည်းပြီး၊ တိုက်နယ်၊ မြို့နယ်၊ ပြည်နယ်/ တိုင်းမှတဆင့် အဖွဲ့ ချုပ် အထိ ဖွဲ့ စည်းရပါသည်။လယ်သမားသမဂ္ဂသည် လယ်သမား အကျိုး စီးပွားကို အခြေခံထားပါသည်။

လယ်သမား အကျိုး စီးပွားသည် လွတ်လပ်စွာ စိုက်ပျိုးခွင့်နှင့် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပင် ဖြစ်သည်။ လယ်သမားများ ဆင်းရဲတွင်းနက် သည်မှာ ထိုအခွင့်အရေးများအား ပိတ်ပင် ခံရသည့် အတွက် ဖြစ်ပါသည်။ မိမိကြိုက်သော သီးနှံကို လွတ်လပ်စွာစိုက်ပျိုးခွင့်မရသည့်အပြင် ထွက်လာသော သီးနှံများကို ကမ္ဘာ့ ပေါက်စျေးဖြင့် စျေးပြိုင် စနစ်ဖြင့် လွတ်လွတ် လပ်လပ်ရောင်းချပိုင်ခွင့် မရရှိခဲ့သည့် အတွက်ဖြစ်ပါသည်။ ဤအခွင့်အရေးများသည် ပြီးခဲ့သည့် ကာလများတွင် အာဏာရှင်များက ရယူထားသည့်အတွက်
လယ်သမားများ ဆင်းရဲတွင်းနက် ရခြင်း ဖြစ်ပါသည်။

ဤသို့ဆိုလျှင် လယ်သမားများ ဘာလုပ်ကြမည်နည်း။ လက်ရှိ လွှတ်တော်မှ ချမှတ် ထားသည့် လယ်သမား သမဂ္ဂ ဖွဲ့စည်းရေး ဥပဒေ ရှိပါသည်။ ဤဥပဒေသည် မပြောင်းချင်ဘဲ ပြောင်းလဲခဲ့ရသည့် ဥပဒေပင် ဖြစ်ပါသည်။ ဤဥပဒေအရ ပြောရမည် ဆိုလျှင် လွတ်လပ်စွာဖွဲ့စည်း ပိုင်ခွင့် ရှိသည့် လယ်သမား သမဂ္ဂ ဖွဲ့စည်းရေးကို အရင် စတင် ရပေမည်။ ဤသမဂ္ဂသည် မိမိတို့လယ်သမားအကျိုးစီးပွားအတွက် စုစုစည်းစည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ (နွားကွဲရင်တော့ ကျား ဆွဲမည်မှာသေချာသည်)။

ဒုတိယ အဆင့်တွင် တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် လယ်သမား အဖွဲ့ချုပ် ရှိရပါမည်။ ဤအဖွဲ့ချုပ်သည် နိုင်ငံတကာ အဖွဲ့ချုပ်များမှ အသိအမှတ်ပြုသော အဖွဲ့ချုပ် ဖြစ်ရပါမည်။ ဤသို့ဆိုပါက လယ်သမားများအတွက် ခိုင်မာသော အ ဖွဲ့ချုပ်အဖြစ်ရပ်တည်နိုင်ပြီး ဖြစ်ပါသည်။ (ရှိနေပြီးလား)

ဤကဲ့သို့ နိုင်ငံတကာ အသိအမှတ် ပြုသော အဖွဲ့ချုပ် အဖြစ် ရပ်တည်နိုင်ရန် လက်ရှိ မြန်မာနိုင်ငံ ဥပဒေက ပြဌာန်းထားပြီး ဖြစ်ပါသည်။ ဤသို့သော အခြေအနေကို ရရှိထားပါမှ နိုင်ငံတကာ စျေးကွက်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ နိုင်ငံ တကာစျေးကွက်သို့ မိမိတို့ လယ်ယာထွက် ပစ္စည်းများ ရောင်းချနိုင်ပါက လယ်သမားများ ၀င်ငွေကောင်းမွန်ပေတော့ မည်။

၀င်ငွေကောင်းမွန် လာသော လယ်သမားများ၊ အခွန်များများ ဆောင်နိုင်ပါက စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံသည် ကြွယ်ဝ လာတော့မည်မှာ အမှန်ဖြစ်ပါသည်။ ဤကဲ့သို့သော စိုက်ပျိုးရေးနိုင်ငံမျိုး ကြီးပွားနေသည်မှာ ကမ္ဘာ့အ လယ်တွင် အထင်အရှား မြင်တွေ့နေရပါသည်။ (မြင်အောင်ကြည့်ကြပါ)