မြွေတောင်၊ ဖားတောင် စီမံကိန်း ချင်းပါတီများ သွားရောက်လေ့လာမည်

မြွေတောင်၊ ဖားတောင် စီမံကိန်း ချင်းပါတီများ သွားရောက်လေ့လာမည်
by -
ခိုနူမ်းထုန်

တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင် သံ၊သတ္တုတူးဖော်ရေးစီမံကိန်းကို ချင်းနိုင်ငံရေးပါတီ ၄ ခုက လာမည့် စက်တင်ဘာလ ဆန်းပိုင်းတွင် သွားရောက်လေ့ လာကြမည်ဟုသိရသည်။

မြွေတောင်၊ ဖားတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူ များ စိုးရိမ်နေကြသည်ဟု ကြားသိရသည့် အတွက် ချင်း နိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိူးသားပါတီ၊ ချင်းတိုးတက် ရေးပါတီ၊ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် အရှိူချင်းအမျိူးသားပါတီတို့က ကိုယ်တိုင်ကိုယ်ကျသွားရောက် လေ့လာကြမည်ဖြစ်ကြောင်း ချင်းအမျိူးသားပါတီ အတွင်း ရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်းက ပြောသည်။

“ဒီ စီမံကိန်းနဲ့ ပတ်သက်လို့ လူထုတွေကစိုးရိမ်မှုရှိနေကြတယ်လို့ကြားသိရတဲ့အတွက်ရယ်၊ ကျတော်တို့ကိုယ် တိုင်ကဒီစီမံကိန်းအပေါ် စိုးရိမ်မိတဲ့အပိုင်းတွေရှိတယ်၊ ဒါကြောင့်ဒေသခံလူထုတွေနဲ့သွားညှိပြီး စီမံကိန်းနေရာ ကို ကိုယ်တိုင်သွားကြည့်ဖို့ဖြစ်ပါတယ်’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

အဖွဲ့ဝင် ရ ဦးပါ၀င်မည့် ချင်းနိုင်ငံရေးပါတီးများမှ လေ့လားရေးအဖွဲ့သည်စက်တင်ဘာလ ၂ ရက်နေ့တွင်  ရန်ကုန်မြို့မှ ချင်းတောင်သို့ စတင်ထွက်ခွါကြမည်ဟုသိရသည်။

ဒေသခံပြည်သူများ နှင့် သွားရောက်တွေ့ဆုံညှိနှိုင်းပြီးနောက် မြွေတောင်၊ ဖားတောင် စီမံကိန်းနှင့်ပတ်သက်ပြီး မိမိတို့ တွေ့ရှိချက်ကို ချင်းပြည်နယ်အစိုးရထံ တဆက်တည်းသွားရောက်တင်ပြဆွေးနွေးသွားမည်ဟု ဆက်ပြောသည်။

ထို့အပြင် နေပြည်တော်ရှိ သတ္တုတွင်း ၀န်ကြီး၊ တရုတ်သံရုံး နှင့် စီမံကိန်းတူးဖော်မည့် NMIC မှ တာဝန်ရှိသူများ ကိုလည်း သွားရောက်တွေ့ဆုံမည်ဟုသူကဆက်ပြောသည်။

“ဒီ စီမံကိန်း ဆောင်ရွက်တဲ့ပုံစံမှာ ပွင့်လင်းမြင်သာမှုမရှိတာဟာအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်၊ အထူးသဖြင့် ဒေသခံပြည်သူတွေနှင့် ဆွေးနွေးမှုအပိုင်းမှာ အားနည်းတယ် ဌာနေတိုင်းရင်းသား လူမျိုးများအခွင့် အရေးဆိုင်ရာ ကုလသ မဂ္ဂရဲ့ပြဌာန်းချက် (UNDRIP) နဲ့ ဆန့်ကျင်သလိုဖြစ်သွားတယ်’’ ဟု ၎င်းကပြောသည်။

မြွေတောင်၊ ဖားတောင် ကို ယခင် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်ကတည်းက တရုတ်ပိုင် ကင်ဘို ကုမ္ပဏီ မှ စမ်းသပ်တူး ဖော်ခဲ့ဘူးသည်။ ထို့နောက် ယခု Zijin Mining Group နှင့် (လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ကို လုပ်ကိုင်တဲ့ကုမ္ပဏီ)Wanbao Mining ကုမ္ပဏီ တို့ ပူးပေါင်းပြီး North Mining Investment Company အမည်ဖြင့် စီမံကိန်းကို ပြန် လည်အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သဘောတူညီခဲ့ကြ သည်။

Zijin ကုမ္ပဏီ ၀က်ဆိုက်တွင် ဖော်ပြထားချက်အရ ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင် နီကယ် သတ္တုရိုင်း တူးဖော်ရေး စီမံကိန်း၏ အကျိုးအမြတ်ကို ကုမ္ပဏီဘက်က ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး၊ မြန်မာ အစိုးရက ၂၀ ရာခိုင် နှုန်းရရှိမည်ဟု ဖော်ပြထားသည်။ စီမံကိန်းတည်ရာ နယ်မြေကို ပိုင်ဆိုင်ထားသော ချင်းပြည်နယ်ကို စီမံကိန်းကာလ အတွင်း နှစ်စဉ် အမေရိကန် ဒေါ်လာ ၅ သိန်း ထောက်ပံ့မည်ဟု ကုပ္မဏီဘက်က ပြောဆိုထားသည်။

မြွေတောင်၊ ဖားတောင် စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ် ခွဲဝေမှုနှင့်ပတ်သက်ပြီး ဆလိုင်းကျဲအိုဘိခ်ထောင်း က ဗဟိုအစိုးရက ၅၁ ရာခိုင်နှုန်းထက် မနည်းအကျိုးအမြတ် ရရှိသင့်ပြီး အဲဒီအထဲကနေ ၂၀ ရာခိုင်နှုန်း ထက်မနည်း တဲ့ အကျိုးအမြတ်ကို ပြည်နယ်အစိုးရကို ခွဲဝေပေးရသင့်သည်ဟု ပြောသည်။

Most read this week