ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ

ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ
by -
ရွှေဟင်္သာ

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

“ ဒီနေ့ ၁၀ နာရီ ခွဲလောက်မှာ စရောက်တယ်၊ အခုတော့ (မွန်းတည့်) နှစ်ခြင်း ခရစ်ယာန် ကျောင်းမှာ အဖွဲ့စုံတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်၊ ဝန်ကြီးချုပ်လည်း အစည်းအဝေး ထဲမှာ ရှိနေပါတယ်” ဟု ၄င်းမှ ပြောသည်။

မစ္စတာ နမ်ဘီးယားနှင့်အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးအုန်းမြင့်နှင့် မာရီယာ တို့လည်း လိုက်ပါ သွားကြကြောင်း သိရှိရသည်။

မွန်းတည့်ခန့်၌ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ နှစ်ချင်း ခရစ်ယာန် ကျောင်း၌ ကချင်ပြည်နယ်မှာ အခြေပြု လှုပ်ရှားနေတဲ့ လူမှု အဖွဲ့ အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

မစ္စတာ နမ်ဘီးယားမှ ၄င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ်သို့ သွားရောက်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ၄င်းအစီအစဉ် အတိအကျကို မိမိတို့ သိရှိ ရသေးခြင်း မရှိသေးဟု ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေး အရာရှိမှ ဆိုပါသည်။

ယခု အကြိမ် လာရောက်သည့် ဗီဂျေ နမ်ဘီးယား၏ မြန်မာ နိုင်ငံ ခရီးစဉ်သည် လျို့ဝှက်စွာ လာရောက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့်တိုင် မည်သည့် နေ့ရက်တွင် စတင် လာရောက် ခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေငြာ ခဲ့ခြင်း မရှိသလို သတင်းဌာန များအားလည်း အသိပေး ပြောကြားခြင်း မရှိ ခဲ့ပေ။

၄င်းအနေဖြင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ နေမှုအား ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ် ခဲ့သည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဆွေးနွေး ပွဲအား တက်ရောက် ခဲ့ရာတွင် သတင်းဌာနများက ဖော်ပြ ရေးသားရာမှ ၄င်း မြန်မာ နိုင်ငံသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရှိ ခဲ့ရသည်။

ထို့ပြင် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာ နိုင်ငံမှ ထွက်ခွာ သွားပြီး မရှေး မနှောင်း ရက်ပိုင်း၌ ရောက်ရှိ နေခြင်း ဖြစ်ကာ မစ္စတာ ကင်တားနား လာရောက်စဉ်၌ သွားရောက် လေ့လာခွင့် မရခဲ့သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်အား သွားရောက်ရန် စီစဉ် နေမှု လည်းရှိကြောင်းသိရသည်။

ယခု ခရီးစဉ်သည် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ (၆) ကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သည်။