ခဏခဏ စိမ့်ထွက်နေသည့် ဂက်(စ်) ပိုက်လိုင်း

ခဏခဏ စိမ့်ထွက်နေသည့် ဂက်(စ်) ပိုက်လိုင်း
by -
ရိုင်မရော့
မွန်ပြည်နယ်အတွင်း ဖြတ်သန်းသွားသည့် ကန်ဘောက််-မြိုင်ကလေး ဓာတ်ငွေ့ပိုက်လိုင်း သည် တာဝန်ရှိသူများ၏ တာဝန်ပေါ့လျော့မှုကြောင့် ဓာတ်ငွေ့စိမ့်ထွက်ရာကနေ ပေါက်ကွဲမှု ခဏခဏ ဖြစ်ပွားနေသည်။ လမိုင်းမြို့မှ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ “တစ်လတောင်မပြည့်သေးဘူး ...

မွန်ပြည်နယ်အတွင်း ဖြတ်သန်းသွားသည့် ကန်ဘောက််-မြိုင်ကလေး ဓာတ်ငွေ့ပိုက်လိုင်း သည် တာဝန်ရှိသူများ၏ တာဝန်ပေါ့လျော့မှုကြောင့် ဓာတ်ငွေ့စိမ့်ထွက်ရာကနေ ပေါက်ကွဲမှု ခဏခဏ ဖြစ်ပွားနေသည်။

လမိုင်းမြို့မှ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ “တစ်လတောင်မပြည့်သေးဘူး နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်တယ်၊ အရင်တုန်းကဆို ဒီလိုမျိုး ပိုက်လိုင်းပေါက်တာ စိမ့်ထွက်တဲ့ အသံတွေဆိုရင် ဘယ်ကို ပြေးရမှန်းတောင်မသိဘူး၊ လမိုင် အနီးအနားက ရွာတွေဆိုရင်လည်း ကြောက်ကြတယ်၊ ဒါပေမယ့် ဒီနောက်ပိုင်း အဲဒီအသံတွေ ခဏခဏကြားနေတော့ မကြောက်နိုင်တော့ဘူး” ဟု ပြောသည်။

“(၇) ရက်လောက်တော့ရှိနေပြီ၊ မနက် ၂ နာရီလောက်မှာ အသံကြားရတယ်၊ မိုးချုန်းသံလိုမျိုးပဲ၊ ကျမတို့အိမ်က ဘူတာရုံနဲ့နီးတယ်ဆိုတော့ အသံက ပိုကျယ်တာပေါ့၊ အသံကြားပြီးတဲ့နောက်မှာ နာရီဝက်လောက်ကြာတော့ အသံက ပျောက်သွားတယ်၊ တာဝန်ရှိသူတွေ လာပြင်သွားလို့ဖြစ်မယ်၊ အဲဒီမှာက ပိုက်လိုင်းစောင့်တဲ့ သူတွေရှိတယ်၊ ဒီလိုပဲ ပေါက်လိုက် ပြန်ဖါလိုက်နဲ့ဆိုရင် ခဏခဏပဲ၊ တစ်ခါတလေ အသံမထွက်ဘဲနဲ့ စိမ့်ထွက်တာမျိုးလည်းရှိတယ်” ဟု ၄င်းအမျိုးသမီးက ဆက်ပြောသည်။

ယခုတစ်ခါပေါက်ထွက်သည့် ပိုက်လိုင်းသည် လမိုင်းနှင့် ကော့ဒွတ်ရွာ အကြားတွင်ဖြစ်ပြီး လွန်ခဲ့သည့်လတွင် လမိုင်းနှင့် နှစ်ကရင်အကြား ကိုက် ၂၀ အကွာလောက်တွင် ပေါက်ထွက်ခဲ့ခြင်း ဖြစ်သည်။

ပိုက်လိုင်းဖြတ်သန်းသွားသည့် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးနှင့် သံဖြူဇရပ်အ ကြားတစ်လျှောက်ရှိ ပိုက်လိုင်းတို့သည် မကြာခဏဆိုသလို ပေါက်ကွဲမှု စိမ့်ထွက်မှု ဖြစ်ပွားလေ့ရှိခဲ့သည်။ ဒေသခံတို့၏ ပြောပြချက်အရ စိမ့်ထွက်သည့် နေရာသည် ပိုက်လိုင်းချိတ်ဆက်ထားသည့် နေရာဖြစ်ပြီး တစ်ခါတစ်လေ စိမ့်ထွက်ရာကနေ ပေါက်ကွဲသွားသည်အထိလည်း ဖြစ်တတ်သည်ဟု ပြောနေကြသည်။

၂၀၀၆ ခုနှစ်က မုဒုံမြို့နယ်ရှိ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြားတွင် ဂက်(စ်)ပိုက်လိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ထိုအချိန်မှစပြီး ၄င်းဒေသအနီးတဝိုက်ရှိ ကျေးရွာများသည် ဂတ်စ်ပိုက်လိုင်းအတွက် လုံခြံုရေးတာဝန်ယူကို လုပ်ဆောင်ပေးနေရသည်။ သံဖြူဇရပ်မြိုနယ် အတွင်းမှာလည်း ဂက်(စ်)ပိုက်လိုင်းလုံခြံုရေးကို ရွာသူရွာသားများကသာ တာဝန်ယူပေးနေရသည်။

၄င်းဒေသမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ “ပိုက်လိုင်းစောင့်ဖို့အတွက် ငွေပေးနေရတာ အခုဆိုရင် ၃ နှစ်ပြည့်တော့မယ်၊ လတိုင်းပေးနေရတယ်၊ တစ်လမှာ နှစ်ခါပေါ့  လိုက်ကောက်တယ်၊ တစ်ခါကောက်ရင် ၁၅၀၀ ပေးရတယ်၊ တစ်လဆိုရင် ၃၀၀၀ ပေါ့၊ အိမ်တိုင်းပဲ ပေးရတယ်၊ ငွေမပေးရင်တော့ ကိုယ်တိုင် သွားစောင့်ရမယ်၊ အဲဒါကြောင့် ဘယ်သူမှ မစောင့်ချင်တော့ ငွေပဲ ပေးလိုက်တယ်၊ ဒီလိုပေးလာရတာဟာ ပိုက်လိုင်းပေါက်ကတည်းကပါ” ဟု ပြောသည်။

ကွမ်လှာကျေးရွား၌ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲစဉ်က ၄င်းဒေသမှ ဒေသခံ အာဏာပိုင်တို့၏ ခြိမ်းခြောက်မှုကြောင့် အလွန်ပင်ထိန့်လန့်နေကြသည်။ ထို့ကြောင့် ဒေသခံတို့က ပိုက်လိုက်းအတွက်ဆိုလျှင် မည်သူတစ်ဦးတစ်ယောက်ကမှ မပြော ဆိုရဲကြပေ။

မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သွားသည့် ကျေးရွာများသည် ပိုက်လိုင်းလုံခြံုရေးအတွက် ငွေပေးဆောင်ရသည့်အပြင် မြေဖို့ထားသည့် ပိုက်လိုင်းများ ပြန်ပေါ်လာသည့်အခါမှာလည်း ရွာသူရွာသားများကသာ ပြန်ဖို့ပေးခြင်း ခြံစည်းရိုးကာ ပေးခြင်းများကို လုပ်ဆောင်ပေးရသည်။

ကန်ဘောက်-မြိုင်ကလေး ဂက်စ်ပိုက်လိုင်းသည် ဒေသခံတို့အတွက် မည်သည့်အကျိုး ကျေးဇူးမှ မရရှိသည့်အပြင် ပြည်သူများအတွက် အခက်အခဲမျိုးစုံနှင့်သာ ကြုံတွေ့နေကြရသည်။

Most read this week