သမ္မတနှင့် လွှတ်တော်တို့ ဥပဒေကြမ်း နှစ်ခုအပေါ် သဘောထားကွဲလွဲမှုများကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြမှု၊ သတင်းများ ထုတ်ပြန်မှု၊ သဝဏ်လွှာများ ပေးပို့ကာ သတင်းထုတ်ပြန်မှုများသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးပိုင်းသို့ ၀င်ရောက် စွက်ဖက်ရာရောက်သည်ဟု သြဂုတ်လ ၂၂ ရက် ပြည်ထောင်စု လွှတ်တော်တွင် အစီရင်ခံလိုက်သည်။
သမ္မတ၏ သဝဏ်လွှာများ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်၏ ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖတ်ကြား အစီရင်ခံခဲ့ခြင်း ဖြစ်သည်။
“ဥပဒေများ၌ အကျံုးမဝင်သော သဝဏ်လွှာများ၊ သတင်းထုတ်ပြန်ချက်များသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးရာ အပိုင်းနှင့် တရားစီရင်ရေးအပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင် ချက်များ
ဖြစ်ကြောင်း တွေ့ရှိရပါသည်”ဟု ဦးနန္ဒကျော်စွာက အစီရင်ခံခဲ့သည်။
သမ္မတနှင့် လွှတ်တော်တို့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတို့အပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်က အတည်ပြုလိုက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ််တော်ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတ အချက်ကိုးချက်ကို သဘောမတူဖြစ်ခဲ့ပြီး သဘောထားမှတ်ချက်များနှင့်အတူ လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။ လွှတ်တော်ကလည်း သမ္မတ၏ သဘောထားမှတ်ချက်များနှင့် ပြင်ဆင် လိုချက်များ အားလုံးကို ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက် အတည်ပြုခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင်မူ လွှတ်တော်နှင့် သမ္မတတို့ သဘောထားကွဲလွဲမှု ၁၂ ချက်ရှိခဲ့ပြီး သမ္မတက သဘောထားမှတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ရန် အချက်များကို လွှတ်တော်သို့ ပေးပို့ခဲ့သည်။ သို့သော် လွှတ်တော်ဘက်ကမူ နှစ်ချက်သာ ပြင်ဆင်ပေးခဲ့ပြီး ကျန် ၁၀ ချက်ကို မူလအတိုင်း အတည်ပြုခဲ့သည်။
ထိုသို့ လွှတ်တော်နှင့် သမ္မတကြား ဥပဒေတစ်ခုချင်းအလိုက် ကွဲလွဲချက်များကို သြဂုတ်လ ရ ရက်နှင့် ၈ ရက်များတွင် သမ္မတရုံး အင်တာနက်စာမျက်နှာမှတစ်ဆင့် အများပြည်သူ သိရှိနိုင်ရန်ဟုဆိုကာ သတင်းထုတ်ပြန် ခဲ့သည်။ ထိုသို့ ထုတ်ပြန်ချက်များသည် ပြည်သူလူထုကို အထင်အမြင် လွဲမှားစေနိုင်သည်ဟုလည်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
“ပြည်ထောင်စုလွှတ်တော် နာယကနှင့် နိုင်ငံတော်သမ္မတတို့အကြား လုပ်ငန်းဆိုင်ရာ ဆက်သွယ်သော သဝဏ်လွှာများကို လွှတ်တော်ကိုယ်စားလှယ်များပင် လေ့လာ သိရှိခွင့်မရသေးမီ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခြင်းသည် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းများကို ပြည်သူလူထု က အထင်အမြင်လွဲမှားစေသော လုပ်ဆောင်ချက်များဖြစ်ကြောင်း တွေ့ရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။
ယင်းအပြင် သတင်းထုတ်ပြန်ချက်များသည် ပြည်ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသကဲ့သို့ လွှတ်တော်နှင့် သမ္မတရုံးတို့အကြား ဆက်သွယ်ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပေါ်နေသကဲ့သို့ ထုတ်ဖော်ရာ
ရောက်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော်နှင့် သမ္မတတို့ သဘောထားကိုးချက် ကွဲလွဲသည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေတွင် တိုင်းနှင့် ပြည်နယ် လွှတ်တော် အမတ်များသည် လွှတ်တော်တွင် တင်ပြဆွေးနွေးလိုသည့် ကိစ္စ ရပ်များအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ အချက်အလက်ရယူခြင်းများ ပြုလုပ်နိုင်သည်ဟု
ပြဋ္ဌာန်းထားသည်။
သို့သော် သမ္မတဘက်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအရ တားမြစ်ထားသည့် စာရွက် စာတမ်းများ အချက်အလက်များ ရှိနေခြင်းကြောင့် ထိုအချက်ကို ခြွင်းချက်အဖြစ် သတ်မှတ်ရန် မှတ်ချက်ပေးခဲ့ရာ လွှတ်တော်က မူလအတိုင်း အတည်ပြုခဲ့သည်။
အလားတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင်လည်း လွှတ်တော်နှင့် သမ္မတတို့ သဘောထား ကွဲလွဲရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဦးသည် ထောင်ဒဏ်ကျခံ နေရသူ မဖြစ်ရဟု လွှတ်တော်ကဆိုပြီး သမ္မတဘက်ကမူ လူတစ်ဦးဦးသည် ထောင်အတွင်း ပြစ်ဒဏ်ကျ ခံနေရပါက ကော်မရှင်အဖွဲ့ဝင် မဖြစ်နိုင်ဘဲ လက်တွေ့နှင့် လွဲချော်နေသည့်အတွက် ပြစ်ဒဏ်ကျခံရဖူးသူ ဖြစ်ခြင်းဟု ပြင်ဆင်ရေးသားရန် သဘောထားပေးခဲ့သည်။ လွှတ်တော်ကမူ မူလအတိုင်း အတည်ပြုခဲ့သည်။