သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ သုခဝိဟာရ ဟိုဝိန်းကျောင်းတိုက်တွင် မတ်လ ၂၀ ရက်၌ ဒေသခံ များဦးစီးကျင်းပမည့် သျှမ်းရိုးရာရှင်ပြုပွဲကို ဘမ်းပြပြီး နအဖစစ်တပ် လက်ကိုင်တုတ်က ကန်ထရိုက်ဆွဲသည့် လောင်း ကစား ၀ိုင်းကို ယခုလဆန်းပိုင်းကတည်းက ကြိုဖွင့်ခိုင်းသည်ဟု ထိုင်းနယ်စပ်သတင်းကဆိုသည်။
ပုံပါကျင် ရှင်ပြုပွဲကို မတ်ချ်လ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ၅ ရက်ကြာကျင်းပမည်ဖြစ်သော်လည်း နအဖ စစ်တပ်အတွက် သတင်းထောက်လှမ်းပေးလေ့ရှိသူက ပုံပါကျင်အခြေစိုက် စစ်ဗျူဟာမှူးအား လောင်းကစားဝိုင်း တဝိုင်းအတွက် တည ၄-၅ သိန်း ထက်မနည်း အခွန်ပေးကာ ယခုလ ၅ ရက်နေ့ကတည်းက စတင်ခင်းကျင်းသဖြင့် လောင်းကစားဝိုင်းကြောင့် ဒေသခံ အများစု၏ အိမ်ထောင်ရေး အခြေအနေ ဆိုးရွားလျက်ရှိသည်ဟုဆိုသည်။
ရှင်လောင်းမိခင် တဦးက -“အခုရှင်ပြုပွဲမှာ ရှင်လောင်း ၄၅ ပါးရှိတယ်။ ပွဲရံပုံငွေအတွက် ရှင်လောင်းမိဘ ကျပ်ငွေ ၁ သိန်းခွဲ ထည့်ရတယ်။ ပွဲတော်စည်ကားဖို့အတွက် နားကောင်းမူးကျေးရွာအုပ်စုက ဦးရွှေအုန်းက လောင်းကစားဝိုင်းကို ကန်ထရိုက် ဆွဲပြီး လွန်ခဲ့တဲ့ ၅-၆ ရက်ကတည်းက ကြိုတင်ဖွင့်တယ်။ ရှင်လောင်းမိဘတချို့ပွဲအတွက်ကြိုတင်ပြင်ဆင်ရမဲ့ အစား လောင်း ကစားဝိုင်းကိုဘဲသွားနေတော့ရှုပ်ကုန်တာပေါ့ ” - ဟုဆိုသည်။
လောင်းကစားကန်ထရိုက် ဦးရွှေအုန်းဆိုသူသည် အသက် ၆၀ ကျော် အသားညို ရုပ်ရည်သန့်ပြန့်ပြီး လွန်ခဲ့သည့် ၂ နှစ် ကျော်က ၎င်းမိသားစု ကျိုင်းတုံမှ နားကောင်းမူးသို့ ပြောင်းရွှေ့လာကာ အိမ်ငှားနေထိုင်ကြောင်း၊ ငါးခူ၊ ဆလားဗီးယား ငါးကန် ၄-၅ ကန် စီးပွားဖြစ်မွေးမြူ ထားကြောင်း၊ တဘက်တွင်လည်း မိုင်းတုံ နားကောင်းမူး ပုံပါကျင် ဒေသတဝိုက် နအဖ စစ်တပ်အတွက် သတင်းအမျိုးမျိုးထောက်လှမ်းပေးနေသူဖြစ်ကြောင်း အသက် ၄၀ ၀န်းကျင် ပုံပါကျင်ဇာတိ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကိုပြောပြပါသည်။
“အခုပွဲရက်တောင်မ စသေးဘူး၊ ကျမတို့ခေါင်းရင်းအိမ်က သူ့ယောင်္ကျားက အိမ်သုံးစရိတ်နှိုက်ပြီး လောင်းကစားဝိုင်း သွား လို့တဲ့့ မနေ့က ရန်ဖြစ်နေကြတယ်၊ တကယ့်ပွဲရက်- လူစည်ကားလာရင် လုယက်မှုခိုးမှုတွေများလာမှာသေချာ တယ်” - ဟု အသက် ၃၀ ၀န်းကျင် ဒေသခံအမျိုးသမီးတဦးကဆိုသည်။
ကုံကင်းလိမ့်၊ ဟိုင်းလိုး(တိရစ>ာန် ၅ ကောင်ပါ လောင်းကစားတမျိုး/အမြင့်ဆုံးငါးဆလျော်) စသည့်အသေးစားလောင်း ကစား ၀ိုင်းများက တည ၂ သောင်းခွဲ၊ အကြီးစား လောင်းကစားဝိုင်းဖြစ်တဲ့ ဖိုင့်ကျူး (ကျွဲကျိုဖဲ) နှင့် လေးကောင်ဂျင်ဝိုင်း က တည ၅ သိန်းထက်မနည်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ထို့အပြင်ပွဲထိန်းရဲ၊ စစ်သား နှင့် အခြားဆိုင်ရာအဖွဲ့ အစည်းများကို လည်း ညတိုင်းလ္ဘက်ရည်ဖိုး၊ အရက်ဖိုးပေးရဦးမည်ဖြစ်ကြောင်း အသေးစားလောင်းကစားဝိုင်းထောင်သူ တဦး ကဆိုသည်။
ရှင်ပြုပွဲကို ပုံပါကျင် မြောက်ဘက်ခြမ်း မြို့ဦးဘက် သုခဝိဟာရကျောင်းတိုက် အနီးလယ်ကွင်းထဲ၌ ကျင်းပမည်ဖြစ်ပြီး သီပေါ သျှမ်းအငြိမ့် နှင့် ဟာသအဆိုတော် စိုင်းယွဲ့ကိုလည်းဖိတ်ကြားထားသည်ဟုသိရသည်။